30.5 C
Yangon

NUG နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့များအကြား စစ်ရေးနှင့်နိုင်ငံရေး ပူး ပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် သမ္မတ ဒူဝါလရှီးလ တိုက်တွန်း၊ စစ်တပ်၏ သွေးခွဲမှုများကို သတိထားကြရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း သတိပေး

Must read

NUG နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့များအကြား စစ်ရေးနှင့်နိုင်ငံရေး ပူး ပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် သမ္မတ ဒူဝါလရှီးလ တိုက်တွန်း၊ စစ်တပ်၏ သွေးခွဲမှုများကို သတိထားကြရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသား မဟာမိတ်အဖွဲ့များအကြား စစ်ရေးအရ စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုများ တိုးမြှင့်ရေးနှင့် နှင့် နိုင်ငံရေးအရ ပိုမိုပေါင်း စည်းနိုင်ရေး အထူးလိုအပ်အကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။

ယမန်နေ့ ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်ရလာပြီး ကျယ်ပြန့်လာကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့များအကြား စစ်ရေး နိုင်ငံရေး ဆက်ဆံမှုများက အရေးကြီးသထက် ကြီးလာကြောင်း၊ ဆက်ဆံရေး အတိမ်းအစောင်းမခံနိုင်သည့်အပြင် ချွတ်ချော်မှုများလည်း လုံး၀ မဖြစ်သင့်၍ အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း သမ္မတက ပြောဆိုသည်။

“နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ် အရှိန်ရလာပြီး အပြန့်ကျယ်လာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်တွေအကြား စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှုတွေဟာ အရေးကြီးသထက် ကြီးလာတာတွေ့ရပါတယ်။ တိုင်းရင်းသားမဟာမိတ် ဆက်ဆံရေးမှာ ကျွန်တော်တို့အနေနဲ့ အတိမ်းအစောင်းခံလို့ မရပါဘူး။ သတိလက်လွတ်လွဲမှား ချွတ်ချော်တာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး။ ဒါကို အထူး ဂရုစိုက်ရမှာ ဖြစ်ကြောင်း ပဏာမအားဖြင့် ပြောကြားလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေ ကြားမှာ စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုတွေကို တိုးမြှင့်ဖို့ လိုနေပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်း စည်းလာမှုလည်း အထူး လိုအပ်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်တွေအကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှုနဲ့ ယုံကြည်မှုတို့ကို ယခုကထက် ပိုမိုခိုင်မာ ကျယ်ပြန့်လာအောင် ဆက်လက် တည်ဆောက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ ယုံကြည်မှုဆိုတာလည်း စံတန်ဖိုးနဲ့ ခံယူချက် ယုံကြည်ချက်တွေအပေါ်မှာ မူတည်နေပြန်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ လူမျိုးရေးစိတ်ဆန္ဒတွေကို အထူး ဂရုစိုက်သင့်တယ်လို့ ပြောချင်ပါတယ်။ မဟာမိတ် ပေါင်းစည်းမှု တွေမှာ မတူညီတဲ့ အကျိုးစီးပွားနဲ့ ကွဲပြားတဲ့ အမှတ်သရုပ်တွေကို သဘောထားကြီးစွာ နားလည်လက်ခံ ဖို့ အထူးအရေးကြီးတယ်လို့ ပြောချင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်တပ်က တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစေရေးနှင့် စည်းလုံးမှု မရှိစေရန် ၊ ချိနဲ့ အားနည်းစေရန် လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများကို သတိထား၍ ကျော်လွှားရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ စစ်အာဏာရှင်တွေကတော့ သူတို့စစ်တပ် မည်မျှပင်အားနည်း နေပါစေ သူတို့အတိုက်အခံများထက် အနည်းငယ်မျှ စုစည်းနေရုံဖြင့်လည်း အာဏာကို ဆက်လက် ဆုပ် ကိုင်ထားနိုင်မယ်ဆိုတဲ့ အယူအဆ စွဲမြဲစွာရှိပါတယ်။ ဒါကလည်း သမိုင်းတလျှောက် ဖြတ်သန်းခဲ့ကြတဲ့ တော်လှန်ရေးတွေရဲ့ အတွေ့အကြုံအရ သူတို့အင်အားမကောင်းရင်တောင် တော်လှန်ရေးအင်အားစု တွေက ဘယ်တော့မှ စည်းလုံးမှု မရှိခဲ့တာကြောင့် မကြာခင် အင်အားတွေ ပြိုကွဲမယ်လို့ အထင်ရောက် နေပုံရပါတယ်။ ဒါပေမယ့် ယခု နွေဦးတော်လှန်ရေးမှာတော့ သူတို့ရဲ့ အထင်နဲ့ အမြင်ဟာ အတော်လေး ကွဲပြားနေတာကို မမျှော်လင့်ဘဲ သူတို့အနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ယခုအချိန်ထိ မဟာမိတ် အစုအဖွဲ့များကြားမှာ ပိုမိုယုံကြည်မှုတွေ တည်ဆောက်နိုင်ပြီး ပိုမိုစုစည်းမိလာကာ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ထိ သန္နိဌာန် ချထားပြီးဖြစ်လို့ သူတို့အတွက် အတော်လေး အကျပ်တည်းဆိုက်ရတဲ့ အခြေ အနေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပိုမိုသတိထားရမှာတော့ ရှိပါတယ်။ စစ်ကောင်စီဟာ သူတို့အကျပ်အတည်းဆိုက်လေ သူတို့ရှင်သန်ရေးအတွက် ရှိသမျှနည်းလမ်းနဲ့ တော်လှန်ရေးအင်အားစုများ ချိနဲ့အားနည်းစေဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ စုစည်းမှု နည်းနည်းလေး လျော့နည်းသွားရင်တောင် စစ်ကောင်စီအနေနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ အများကြီး အခွင့်အရေး ရရှိသွားနိုင်ပြီး သူတို့အနေနဲ့ မျှော်လင့်ချက် ရှိသွားမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးသည်။

ထို့အတူ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း အချင်းချင်း အငြင်းပွားစရာများကို ဆွေးနွေး ညှိနှိုင်း အဖြေရှားခြင်းဖြင့် အင်အားကောင်းစေရန် အားထုတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် သတိပေးသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က ကြည့်ရင်လည်း စစ်တပ်လို အင်စတီကျူးရှင်းတစ်ခုတည်းက လာတာ မဟုတ်တဲ့အပြင် သမိုင်းအခြေခံနှင့် ဖြစ်တည်မှုများ ၊ အလေ့အထများ မတူညီကြတဲ့အတွက် အလုံးစုံပြီးပြည့်စုံတဲ့ ညီညွတ်မှုမျိုး ဖြစ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အချင်းချင်းကြား အားသာချက်များကို အပြန် အလှန် လေးစားမှု ၊ အားနည်းချက်များကို နားလည်ရန် ကြိုးစားမှု ၊ အငြင်းပွားစရာများကို မရှောင်ရှား နိုင်သည့်အခါ ဆွေးနွေးငြင်းခုံ ညှိနှိုင်းအဖြေရှာရင်းနဲ့ တော်လှန်ရေးအင်အားစုများ ဆက်လက်အားကောင်းစေရန် အားထုတ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ သို့မှသာ ယခုလို စုံလင်ကွဲပြား မှုများဟာ စစ်တပ်ထင်သလို အားနည်းမှု မဟုတ်ဘဲ သူတို့ဘယ်တုန်းကမှ မမျှော်မှန်းနိုင်တဲ့ ကြီးမားတဲ့ အင်အားတစ်ရပ်ရှိနေမှာ ဖြစ်ပါတယ်။ ထိုအင်အားကသာ စစ်အာဏာရှင်စနစ်နဲ့ မည်သည့် အာဏာရှင် စနစ်ကို မဆို ခြိမ်းခြောက်နိုင်မယ့် အင်အားတစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး စွဲစွဲ မြဲမြဲ နားလည်ထားကြဖို့ လိုမှာဖြစ်ပါတယ်။ ဒါအကြောင့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းမှုဟာ တော်လှန်ရေးအောင်မြင်ဖို့သာမက နောင်လာမယ့် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု ရေရှည်ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးအတွက်ပါ အလွန်အရေးပါတဲ့အတွက် ကျွန်တော်တို့အားလုံး သတိရှိရှိ တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article