29 C
Yangon

မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Must read

■ စစ်တွေမြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၀ တပ်ရင်းက မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုင်းတောကျေးရွာအနီး လယ်ကွင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်း မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စံဂိုးတောင်တပ်စခန်းနှင့် နွားရုံတောင်တပ်စခန်း တို့က ဆင်သီပြင်ကျေးရွာကို လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှု အတွင်း လက်နက်ကြီး ၁ လုံးသည် ဆင်သီပြင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် မွတ်ဆလင် မိန်းကလေးငယ် ၁ ဦးအပါအဝင် အသက် ၆၀ အရွယ် မွတ်ဆလင်သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးတို့ လက်နက်ကြီး ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်ရှိ ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာ‌ စသည့်ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာနှင့် ထောက်ပို့လေယာဉ်များ အသုံးပြုကာ အပြင်းအထန် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ပြည်သူ ၄ ဦး သည် စစ်တွေမြို့ကို ဈေးဝယ်ရန် သွားရောက်စဉ် စစ်တွေမြို့၊ အင်းပေါက်ဝဆိပ်ကမ်း၌ အကြမ်းဖက် စစ်တပ်၏ စစ်တွေ အမှတ် ၁ ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နံနက် ၆ နာရီအချိန်ခန့်တွင် ဖမ်းဆီးထားသော ပြည်သူ ၄ ဦးကို စစ်တွေအခြေစိုက် အကြမ်းဖက် စစ်တပ်၏ခမရ ၂၀ တပ်ရင်း ထဲကို ခေါ်ယူသွားကြောင်း သိရသည်။

Photo – ပေါက်တောမြို့နှင့် ကျေးရွာအချို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မြောက်ဦး #ဘူးသီးတောင် #ပေါက်တောမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article