37 C
Yangon

ဘာသာရေးမှိုင်း သို့မဟုတ် ဘာသာရေး အရေခြုံထားတဲ့ စစ်မိစ္ဆာရဲ့ နိုင်ငံရေးလက်နက်

Must read

By လမ်းသစ်

ဘုရားတည်ပြပြီး ဘာသာ သာသနာစောင့်ရှောက်သူသဖွယ် ဟန်ရေးပြနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တကယ်တမ်း စိတ်ထဲမှာ အာဏာကလွဲလို့ ဘုရားမရှိ၊ တရားမသိသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာတရားမှမသိတဲ့ မိစ္ဆာအကျင့် ကျင့်ကြံနေသူပါ။

ဒီနေ့အချိန်မှာတော့ ပြည်သူပေးတဲ့ တရားတစ်ခုဟာ သူ့ရင်ထဲမှာ ကိန်းအောင်းနေပါပြီ။ အဲ့ဒါကတော့ “အကြောက်တရား” ပါပဲ။

ပြည်သူ့တော်လှန်ရေးကြီးကို ဖျက်ဆီးဖို့ မစွမ်းသာတော့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ လက်ဆင့်ကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဘာသာရေးမှိုင်းတိုက်ဖို့ ကြိုးစားနေပါတယ်။

လောက်ကိုင်မြို့၊ ဆီအောကျေးရွာ မြောက်ဘက်က ပွိုင့် ၂၂ဝ၂ တောင်ကုန်းပေါ်က စေတီကို မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA တပ်ဖွဲ့ဝင်တစ်ယောက် သံတူနဲ့ထုတဲ့ ဗီဒီယို ပေါ်ပေါက်လာပြီးတဲ့နောက် စစ်ကောင်စီက စီစဉ်တဲ့ ၅,ဝဝဝ စား ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ထွက်ပေါ်လာခဲ့ပါတယ်။

MNDAA ဆန့်ကျင်ရေးနဲ့အတူ စစ်တပ်ထောက်ခံပွဲကိုပါ တစ်ပါတည်း ပြန်လည်လုပ်ဆောင်နေကြတာပါ။

စစ်ကောင်စီ ဘက်တော်သားတွေ၊ မဘသ ဘုန်းကြီးတွေ ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲတွေကို တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ဂန့်ဂေါ၊ ပဲခူး၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာ၊ ပခုက္ကူ၊ လားရှိုး စတဲ့ မြို့တွေမှာ ပြုလုပ်ကြပြီး အကြမ်းဖက်စစ်သားတွေက လုံခြုံရေးယူပေးခဲ့ကြပါတယ်။

“ဘုရား၊စေတီများအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ” ၊ “အမျိုးဘာသာ သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်သူပုန်များအား ချေမှုန်းကြ” ၊ “လူသတ်အကြမ်းဖက် သူပုန်များ ကျရှုံးပါစေ” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြတာပါ။

၂ဝ၁၅ ခုနှစ် ကိုးကန့်စစ်ပွဲမှာ အရေးပါခဲ့တဲ့ နန်ထင်မင်စမ်းတောင်မှာ ကိုးကန့်တို့ရဲ့ ရိုးရာကိုးကွယ်မှု နတ်ကွန်းရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က စစ်ရေးအသာရခဲ့တဲ့ မြန်မာစစ်တပ်က အဲ့ဒီနတ်ကွန်းကို ဖျက်ပြီး စေတီတည်ထားခဲ့တာကြောင့် ဗီဒီယိုထဲမှာ တွေ့ရတာဟာ လက်တုန့်ပြန်တတ်တဲ့ ကိုးကန့်သားတစ်ယောက်ရဲ့ အမျက်ဒေါသမျိုးသာ ဖြစ်တယ်လို့ ဖတ်ရှုရပါတယ်။

MNDAA ကတော့ ဒါဟာ သူတို့တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ တစ်သီးပုဂ္ဂလ ဒေါသအလျောက် လုပ်ဆောင်မှုဖြစ်ပြီး ဒီလိုလုပ်ဖို့ မညွှန်ကြားခဲ့ကြောင်း၊ ဒီလုပ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ ကျူးလွန်သူကို အရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဒါဟာ ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားတာဖြစ်တယ်လို့ ဘာသာရေးအသုံးချဖို့ ကြံစည်နေပါတယ်။ ဆန္ဒပြပွဲတွေမှာဆိုရင် မဘသ ဘုန်းကြီးတွေအနေနဲ့ လိုအပ်လာရင် သင်္ကန်းကိုချွတ်၊ လက်နက်ကိုကိုင်၊ စစ်တပ်နဲ့ပူးပေါင်းပြီး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို တိုက်ခိုက်ဖို့ အသင့်ပဲလို့ ခပ်တည်တည် ဆော်သြခဲ့ကြပါသေးတယ်။

မင်းအောင်လှိုင်က အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်မှာပဲ ဘာသာရေးကို ခုတုံးလုပ်ပြီး မိန့်ခွန်းပြောခဲ့တာပါ။

“ပြီးခဲ့တဲ့ ၅နှစ်အတွင်း (NLD အရပ်သားအစိုးရလက်ထက်) မှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အား ညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျနော်တို့ တာဝန်ယူပြီးချိန်ကစပြီး အခြေခံဥပဒေ ပြဌာန်းချက်အတိုင်း သက်ဝင်ယုံကြည်မှု မပျက်စေရန် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်”

အဲ့လိုပြောပြီးတဲ့နောက်ပိုင်း အာဏာတည်မြဲဖို့အတွက် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်လာခဲ့တာ ဒီနေ့အချိန်အထိပါပဲ။

စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ ရာထောင်ချီ ပြည်သူတွေထဲမှာ သံဃာတော်များစွာလည်း ပါဝင်နေပါတယ်။ မြန်မာစစ်တပ် မီးရှို့ဖျက်ဆီး ဗုံးကြဲခဲ့တဲ့ အပျက်အစီးတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ခရစ္စယာန် ဘုရားရှိခိုးကျောင်း၊ အစ္စလာမ် ဘာသာရေးအဆောက်အအုံတွေ ပါဝင်နေပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံအဖြစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က သတ်မှတ်ခဲ့ပါတယ်။

လွတ်လပ်စွာကိုးကွယ်ခွင့်ကို အုပ်ချုပ်သူကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် တခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုပေးထားတာ ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ လမ်းမပေါ် မေတ္တာသုတ်ရွတ်ဖတ်နေတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ခေါင်းကွဲအောင် ရိုက်နှက်ခဲ့တာတွေ၊ စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တာတွေက မြန်မာစစ်တပ်ရဲ့ ကမ္ဘာသိ မိစ္ဆာလုပ်ရပ်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီက ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးပြီးချင်းပဲ မြဝတီမင်းကြီးဆရာတော်၊ ရွှေညဝါဆရာတော်၊ ဦးသောဘိတ (အလင်္ကာကြယ်)၊ မန္တလေး ပြည်ကြီးတံခွန်ဆရာတော် စတဲ့ အာဏာသိမ်းမှုအပေါ် မထောက်ခံ ဆန့်ကျင်တဲ့ ဆရာတော်ကြီးတွေကို ဖမ်းဆီးထောင်ချ လူဝတ်လဲပစ်တာတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်သတ်လို့ ပျံလွန်တော်မူရတဲ့သံဃာတွေထဲမှာ သီတဂူ ဗုဒ္ဓတက္ကသိုလ် နာယကလည်းဖြစ် ဂုဏ်ထူးတန်းဘွဲ့ရ စာချကိုယ်တော်ဖြစ်တဲ့ အရှင်ဂန္ဓသာရလို ဆရာတော်တွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းက သံဃာ သုံးပါးအပါအဝင် ပြည်သူ ၂၂ ဦးကို သေဆုံးခဲ့မှုအပါအဝင် စစ်မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရတဲ့ သံဃာအများအပြား ရှိခဲ့ပါတယ်။

လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပအချက်အလက် ကောက်ယူရေးအဖွဲ့များရဲ့ အဆိုအရ အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ နှစ်ကုန်အထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စေတီ အဆောက်အအုံများအပါအဝင် ဘာသာရေး အဆောက်အအုံပေါင်း ၂၂၀ ကျော်ကို စစ်တပ်က အင်အားသုံး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုသတ်ဖြတ် ဖျက်ဆီးမှုများသာမက ဘုန်းကြီးကျောင်းဝင်းအတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံများအတွင်း တပ်စွဲထားခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတွေကိုပါ ကျူးလွန်နေတဲ့ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ အမျိုး ဘာသာ စောင့်ရှောက်သူများအဖြစ် ပြောဆိုလေ့ ရှိပါတယ်။

ဒီလိုပြောဆိုမှုတွေဟာ စစ်တပ်အနေနဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေခြင်းသာ ဖြစ်ပြီး၊ တကယ်လက်တွေ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသူဟာ စစ်တပ်ကိုယ်တိုင်ဖြစ်တယ်လို့ စစ်အာဏာသိမ်းမှုကို မထောက်ခံတဲ့ ဆရာတော်တချို့က ဆိုပါတယ်။

အမှန်တရားဘက်က ရပ်တည်တဲ့ သံဃာတွေကို ဖိနှိပ်ပေမယ့် စစ်အာဏာရှင်တွေနဲ့ အပြန်အလှန် မီခိုနေကြတဲ့ ထိပ်တန်းဘုန်းကြီးတချို့လည်း ရှိနေပါတယ်။

ဒီလိုဘုန်းကြီးတွေက အာဏာရှင်တွေဘက် အလေးသာတဲ့ စကားတွေကို မိန့်ကြားပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပေးကြပါတယ်။ အာဏာရှင်တွေက ဒီဘုန်းကြီးတွေကို ဦးစားပေးပြီး ပစ္စည်းလေးပါး လိုလေသေးမရှိအောင် ပြန်ပေးပါတယ်။ ဘာသာရေးကို ဒီလိုအသုံးချနေတာပါ။

ဒါ့အပြင် မဘသ ဘုန်းကြီးတွေကို လက်နက်တပ်ဆင်ပေးပြီး လက်နက်ကိုင် ပျူစောထီးနဲ့ ပြည်သူ့စစ်တွေ ဦးဆောင်ဖွဲ့ဖို့ စစ်ကောင်စီက ခွင့်ပြုထားပါတယ်။ သူတို့အတွက် တပ်သားအင်အား စုဆောင်းရေးမှာ သင်္ကန်းဝတ်တွေကို အသုံးချတာဖြစ်ပြီး ဒါဟာ ကမ္ဘာမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ရင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လူပေါင်း ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ထားပြီး ဘာသာပေါင်းစုံရဲ့ ဘာသာရေးအဆောက်အအုံ ၂ဝဝ ကျော်ကို ဖျက်ဆီးထားပါတယ်။

လက်ရှိမှာ စစ်ရေးရှုံးနိမ့်၊ ထွက်ပေါက်ပိတ်နေချိန် ရောက်နေတာမို့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ ဘာသာရေးမှိုင်းတိုက်ဖို့ ကြိုးစားနေတယ်ဆိုတာ ပြည်သူတွေလည်း သိမြင်နားလည်ကြမှာပါ။

တကယ်တမ်း အာဏာရှင်မှာ ဘာသာတရားမရှိပါဘူး၊ အာဏာတည်မြဲရေးပဲ ရှိတာပါ။ အာဏာရှင်ပါးစပ်က ဘယ်လိုတရားတွေပဲ ရွတ်နေပါစေ … လုပ်ရပ်တွေကတော့ အာဏာတည်မြဲရေးကို ဦးတည်တဲ့ မိစ္ဆာအကျင့်အကြံတွေ ဆိုတာပါပဲ။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #NLD #ဘာသာရေးမှိုင်း #USCIRF #စစ်မိစ္ဆာရဲ့ နိုင်ငံရေးလက်နက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article