25 C
Yangon

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အသံတိတ် သပိတ်နှင့် အဖြူရောင် လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်း

Must read

■ အသံတိတ်သပိတ်တွင် ရုံးနှင့် ဆိုင်များ ပိတ်စရာမလိုဘဲ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အပြင်မထွက်ရုံဖြင့် လူထုက ပူးပေါင်းပါဝင်နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံ တိတ်သပိတ်နှင့် အဖြူရောင် လှုပ် ရှား မှုတွင် ပါဝင်ကြရန် ဒေါက်တာတေဇာစန်း အပါအဝင် သပိတ်ခေါင်းဆောင်များက ပြည်သူလူထုကို တိုက်တွန်း‌ တောင်းဆိုလိုက်သည်။

ယခု ၂၀၂၄ ခုနှစ်တွင် ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံး ပါဝင်နိုင်သည့် အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြရန် မဖြစ်မနေ လိုအပ်ကြောင်း၊ စစ်အာဏာရှင် တော်လှန်ရေးတွင် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ၂ ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲ(Total Resistance) အားဖြင့် တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

ထို့ကြောင့် တော်လှန်ရေးကြီး ၃ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် “လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်” ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြသည့် အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းတွင် လည်းကောင်း၊ အဖြူရောင် လှုပ်ရှားမှု (White Campaign) ကိုလည်းကောင်း ပါဝင်နိုင်ကြောင်း နိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီက ထုတ်ပြန်ကြေညာသည်။

■ အသံတိတ်သပိတ်

===================

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်)တွင် ပြည်သူလူထု အထိအခိုက်မရှိစေရန် ရုံးနှင့်ဆိုင်များ ပိတ်ရန် မလိုဘဲ ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်မထွက်ကြရန်ဖြစ်ကြောင်း သိရှိရသည်။

“ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။ ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်”ဟု သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့ နွေဦးတော်လှန်ရေးကြီး ၃ နှစ်ပြည့်အနေနဲ့ လူထုတိုက်ပွဲခေါ်သံရှိတယ်ပေါ့ဗျာ။ ဒါက ကျွန်တော်တို့ အားလုံး လူထုနဲ့လည်း ရင်းနှီးကျွမ်းဝင်ပြီးသား ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်မတန်မှ အောင်မြင်စွာနဲ့ ကမ္ဘာကလည်း အံ့ဩယူရတဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ အပြင်မထွက် အသံမထွက် သပိတ်ကြီးပေါ့ဗျာ။ Silent Strike ကြီးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း တစ်နိုင်ငံလုံးဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

■အဖြူရောင် လှုပ်ရှားမှု

==================

အဖြူရောင် လှုပ်ရှားမှု (White Campaign) မှာမူ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိသည့် အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမည့် အဖြူရောင်လှုပ်ရှားမှုတွင် အဓိက ရည်ရွယ်တောင်းဆိုချက် ၃ ခုရှိပြီး ၎င်းတို့မှာ –

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြသည့် နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ရပ်တန်းက ရပ်ကြရန်

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ ကောက်ခံနေသည့် “သွေးစွန်းအခွန်အခ” များ လုံးဝ မပေးဆောင်ကြရန်။

(၃) အာဏာသိမ်းစစ်အုပ်စု၏ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်သည့် မြေပြင်တပ်မှူးတပ်သားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်၊ အလင်းဝင်ကြရန်၊ “အလံဖြူ” ထောင်ကြရန် ဖြစ်ကြောင်း သိရှိရသည်။

အဖြူရောင် လှုပ်ရှားမှု White Campaign သည် တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ပြည်တွင်းပြည်ပတွင် ဖော်ဆောင်သွားရန် ဖြစ်ကြောင်း သိရှိရသည်။

“အဖြူရောင် လှုပ်ရှားမှုပေါ့ဗျာ။ အဖြူရောင် လှုပ်ရှားမှုဆိုတာကလည်း ကျွန် တော်တို့ မြန်မာပြည်သူတွေနဲ့ မစိမ်းလှပါဘူး။ ဟိုး ရွှေဝါရောင် တော်လှန်ရေး ၂၀၀၇ မတိုင်ခင်ကတည်းက ဖော်ဆောင်ခဲ့ဖူးတဲ့ နည်းနာကြီး တစ်ခုဖြစ်တယ်။ ပြည်သူများအနေနဲ့ အဖြူရောင် အင်္ကျီတို့၊ ဖဲကြိုးအဖြူတို့၊ လက်ပတ်အဖြူတို့ အဖြူရောင် အဝတ်အစား အသုံးအဆောင်တွေကို ပြင်ပြီးတော့ ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ပြောရရင် လူထုသည်သာ အဓိကဆိုတဲ့ တော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးပါ။ ပြည်သူတွေအနေနဲ့ ငါတို့ ဒီတော်လှန်ရေးကို ထောက်ခံပါတယ်ကွာဆိုတဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ လှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ လူထုလှုပ်ရှားမှု လူထုတိုက်ပွဲတွေမှာလည်း နည်းနာအစုံနဲ့ ပြည်သူလူထုက လက်တွေ့ပူးပေါင်းပါဝင်ကြဖို့ ကျွန်တော်တို့အနေနဲ့ အထူးတိုက်တွန်း နှိုးဆော်အပ်ပါတယ်” ဟု ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article