25 C
Yangon

စစ်ကောင်စီနှင့်ပူးပေါင်းနေသော UMFCCI ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို NUG အစိုးရ အမည်ပျက်စာရင်းသွင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုန်သည်စက်မှုအသင်း UMFCCI ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမျိုး သားညီညွတ်ရေးအစိုးရ-NUG က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ ကို ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Chambers of Commerce and Industry, the Republic of the Union of Myanmar) ကို ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် UMFCCI အဖွဲ့ဆက်လက် လည်ပတ်ပြီး အဆိုပါအဖွဲ့အစည်းတွင်ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ပူး‌ပေါင်း လုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့်ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည် ဖြင့် ဆက်လက်ဆောင်ရွက်ခြင်းပြုလုပ်သောလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အ‌ရေးယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

NUG အစိုးရ၏ အမိန့်ကို လိုက်နာခြင်းမရှိဘဲ UMFCCI အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဆက်လက်ပါဝင်တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းရှင် ၆၄ ဦးကို အမည်ပျက် လုပ်ငန်းရှင် စာရင်းတွင် ထည့်သွင်းလိုက်ပြီး ဆက်လက် ပါဝင်လုပ်ကိုင်နေပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

NUG ၏စာရင်းတွင် မပါဝင်သေးသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အလုပ်အမှုဆောင်များသည်လည်း ဆက်လက်ပါဝင် တာဝန်ယူဆောင်ရွက်နေပါက ထည့်သွင်းအရေးယူသွားမည် ဖြစ်ကြောင်း၊ အမည်ပျက်စာရင်းဝင် လုပ်ငန်းရှင်တဦးချင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးစီးပွား ပတ်သက်မှုမရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ဖြစ်စေမည့် ဆက်နွယ်ပတ်သက်မှုများ ပြုလုပ်ခြင်း မရှိတော့ပါကြောင်း ခံဝန်ချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရထံ ရက် ၉၀ အတွင်း အယူခံလွှာ တင်သွင်းနိုင်းကြောင်း၊ NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #UMFCCI #FederationofChambersofCommerceandIndustry

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article