25 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲတွင် သွားကိုက်ဝေဒနာနှင့် ကျောရိုးဆစ်များ ရောင်ရမ်းခြင်း ဝေဒနာ ခံစားနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားကိုက်ဝေဒနာနဲ့ ကျောရိုးဆစ်ရောင်ရမ်းခြင်း ဝေဒနာခံစားနေရတယ်လို့ သားဖြစ်သူ Kim Aris ထံသို့ ပေးပို့တဲ့ စာမှာ ရေးသားဖော်ပြထားတယ်လို့ Sky News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သားဖြစ်သူ Kim Aris ထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လာတဲ့ စာတစ်စောင်ကို သားဖြစ်သူက လက်ခံရရှိခဲ့ပြီး မတရား အကျဉ်းချခံထားရတဲ့ သုံးနှစ်အတွင်း ပထမဆုံးပေးပို့လာတဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris က ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရေးမူနဲ့ အကျဉ်းထောင်ထဲက နေ သုံးနှစ်အတွင်း ပထမဆုံးရေးသားပေးပို့ လာတဲ့ စာဖြစ်တယ်လို့ ကိုထိန်လင်း Sky News ရဲ့ အင်တာဗျူး အစီစဉ်မှာဖြေကြားခဲ့ပါတယ်။

ကိုထိန်လင်း က “အမေရဲ့လက်ရေးကို မြင်တာနဲ့ ချက်ချင်းမှတ်မိတယ်” လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီဘက်က မတရားစွပ်စွဲချက်တွေနဲ့ ထောင် ၃၃ နှစ်ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူဆီက အခုလို စာလက်ခံရရှိတာဟာ အသက်ရှင်လျက်ရှိသေးကြောင်း အထောက်အထားဖြစ်တယ်လို့ သားဖြစ်သူက ပြောပါတယ်။

ဗြိတိန် မှာ နေထိုင်တဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris ထံ ပေးပို့တဲ့ စာလွှာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က “သူအနေနဲ့ နေကောင်းတယ်လို့ ယေဘုယျပြောလို့ရပေမယ့် သွားကိုက်ဝေဒနာ နဲ့ ကျောရိုးအဆစ်အမြစ်တွေ ရောင်ရမ်းကိုက်ခဲဝေဒနာကိုလည်း ခံစားနေရတယ်” လို့ ဆိုပါတယ်။

ကိုထိန်လင်း က စာလွှာထဲက လက်ရေးဟာ သူ့မိခင်ရဲ့ လက်ရေးဖြစ်တာကြောင့် အခုလို စာလွှာရေးသားနိုင်တဲ့ အခြေအနေမှာ ရှိနေတာနဲ့တင် စိတ်သက်သာရာ ရမိတယ်လို့ဆိုပါတယ်။

သူ့အနေနဲ့ သူ့မိခင် မတရားဖမ်းဆီးခံရတဲ့အချိန်ကစလို့ အသက်ရှင်လျက် ရှိ၊မရှိ အတည်ပြုချက်မရရှိခဲ့ဘဲ ဒီစာလွှာက သူမထံကရတဲ့ ပထမဆုံးစာလွှာဖြစ်တယ်လို့ သိရပါတယ်။

“အမေ့ လက်ရေးနဲ့ တစ်ခုခု တကယ်ရေးနိုင်တာကို သိလိုက်ရလို့ ဝမ်းသာမိပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ အမေဟာ ဒီနှစ်တွေ တလျှောက်လုံး တကယ်အသက်ရှင်နေတယ်ဆိုတာကို ကျွန်တော် အရင်က အတည်ပြုချက်မရခဲ့လို့ပါဘူး” လို့ Sky News နဲ့ အင်တာဗျူးမှာ ကိုထိန်လင်း က ပြောကြားခဲ့ပါတယ်။

သူက အခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့စာကို လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

“အပြင်က သတင်းတွေ အမေ သိနိုင်လား၊ မသိနိုင်ဘူးလား ကျွန်တော်သေချာမပြောတတ်ပါဘူး။ သေချာတာကတော့ သူ့ကို အခြားအကျဥ်းသားတွေနဲ့ ခွဲထားတယ်။ အဲလိုခွဲပြီး ဘယ်နေရာမှာထားလဲ ကျွန်တော်မသိပါဘူး။ ထောင်ရဲ့ အကျဥ်း ခန်းထဲမှာလား။ သီးခြားအခန်းထဲမှာလား။ ဒါမှမဟုတ် အရင်ကလို သီးသန့်ဆောင်မှာထားတာလား။ ကျွန်တော် ဘာဆိုဘာမှ မသိရသေးပါဘူး” လို့ သူကဆိုပါတယ်။

ကိုးကား – Sky News (ဗြိတိန်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article