ရန်ကုန်၊ မတ် ၂၂
မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကမ္မသို့ ထွက်ခွာလာသောစစ်ကား ၄ စီး ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန် ပခုက္ကူမြို့ တပ်မ ၁၀၁ တပ်မှ ကမ္မမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကား ၄ စီးကို ပခုက္ကူ -ကမ္မလမ်းပိုင်းတနေရာအရောက် မြိုင် ပကဖ တပ်ရင်း ၁ လက်ရုံး တပ်ဖွဲ့က ဦးဆောင်ပြီး နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ နှင့်အတူ Black Cobra Force ၊ Pku Thurain ၊ ကမ္မ တပ်ပေါင်းစု တို့ ပူးပေါင်းကာ ညီညီညွှတ်ညွှတ်ဖြင့် ကြိုတင် စီစဉ်စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရွာတွင် စစ်တပ်စစ်ကြောင်းကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Earthquake People’s Defense Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်ရှိ ကိုင်းတောရွာ၌ ရေစက် စောင့်နေသော စစ်သား ၁၂ ဦးသည် ကျေးရွာအတွင်း ဝင်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကိုင်းတောမ ဆေးခန်းရှေ့တွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သားများထံမှ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည် ၁၂၀ တောင့်၊ လွယ်အိတ် ၁ လုံး၊ ဖုန်း ၂ လုံးနှင့် အဆိုပါ ဖုန်းထဲတွင် သေဆုံးသွားသော စစ်ကောင်စီ တပ်သားများ၏ ဓာတ်ပုံများနှင့် အချက်အလက်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ပစ်ခတ်မှုဖြစ်စဉ် အပြီးမှာတော့ ထိခိုက်ဒဏ်ရာရလို့ ချက်ခြင်းပြန်မထနိုင်တာမျိုးတွေရှိတယ်။ ပြီးတော့ သေဆုံးတယ်လို့ ယူဆရတဲ့ စစ်ခွေး အလောင်းတွေကို ထမ်းပြီးခေါ်သွားတာ တွေ့ရတယ်ပေါ့။ ကျွန်တော်တို့ အတွင်းသတင်းအရ ပြန်သိရတာတော့ ၃ ကောင်က သေချာပေါက်သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူကတော့ တော်တော်များများရှိတယ်။ သူတို့မှ အင်အားနည်းနေတော့ စစ်ကူထွက်လာနိုင်တာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ မဟာမိတ်တွေနဲ့ တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။ မဟာမိတ်တွေနဲ့ ရှေ့ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု Earthquake People’s Defense Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်သော တပ်ရင်း၁ ၊ တပ်ခွဲ၄ ( စက်ြာ) ၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့ ၊ မဟာမိတ်တပ်ပေါင်းစု(MUGDF ၊ James Bond ၊ ဇာမဏီပြောက် ကျားတပ်ဖွဲ့၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂၊ ၆၊ ၇)၊ မြိုင် ပ.က.ဖ IO အဖွဲ့၊ Pakokku People’s Defense Force ၊ Young Force UG နှင့် Earthquake People’s Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


