39 C
Yangon

ကရင်လူမျိုးများနှင့်တကွ လူမျိုးတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်း တိုက်ပွဲဝင်ကြရန် KNU ကာကွယ်ရေးဌာနမှူး တိုက်တွန်း

Must read

ကရင်လူမျိုးများနှင့်တကွ လူမျိုးတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်း တိုက်ပွဲဝင်ကြရန် KNU ကာကွယ်ရေးဌာနမှူး တိုက်တွန်း

ရန်ကုန်၊ မတ် ၂၇

ကရင်လူမျိုး၊ ကော်သူးလေနှင့်တကွ နိုင်ငံရှိ လူမျိုးတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်း တိုက်ပွဲဝင်ကြရန် KNU ကာကွယ်ရေးဌာနမှူးက တော်လှန်ရေးရဲဘော်များကို တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် ရဲဘော်များအနေနှင့် ပြည်သူလူထုကိုမျက်ကွယ်ပြုခြင်း၊ စစ်ရေးအရ လုံခြုံရေးကို ထိခိုက်နိုင်သည့်အရာများကို ရှောင်ရှားပြီး KNU ၏ နိုင်ငံရေးလမ်းစဉ်နှင့် စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာရန် သတိပေးလိုကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံး ကာကွယ်ရေးဌာနမှူးက KNU တော်လှန်ရေး ရဲဘော်များကို တိုက်တွန်းအားပေးစကား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူတစ်ရပ်လုံးနှင့်အတူ အမှန်တရားအတွက် အတူတကွ ရပ်တည်လျက် ရဲဘော် တစ်ဦးချင်း ကိုယ်စီကိုယ်ငှ အကောင်းဆုံး ပေးဆပ်ကာ စည်းလုံးညီညွတ်စွာနှင့် ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိစေရန် ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင် သွားကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကရင့်တော်လှန်ရေးစတင်သည့်အချိန်ကစပြီး တပ်တွင်းတွင် ဖြစ်စေ၊ အဖွဲ့အစည်း အတွင်းတွင် ဖြစ်စေ အခြေအနေအရပ်ရပ်ကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ အဖွဲ့အစည်းက ခွဲထွက်ကြခြင်းများကို အောင် မြင်စွာ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ကြခြင်းများကို သင်ခန်းစာယူပြီး အခိုင်အမာ ဆက်လက်ရပ်တည်ကြရန်နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်သော မျိုးချစ်တပ်မတော်သားအားလုံး၏ ရည်မှန်းချက်ပန်းတိုင်မှာ ကရင်လူမျိုး၊ ကော်သူးလေနှင့်တကွ နိုင်ငံရှိ လူမျိုးတိုင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်း တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တော်လှန်သော မျိုးချစ်ရဲဘော်များ၊ ကရင်လူမျိုးနည်းတူ အခြားလူမျိုးတိုင်း၏ ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး များဖြင့် ပေးဆပ်မှုကို အလေးထားဂုဏ်ပြုကြောင်း၊ အသက်ပေးဆပ်သွားကြသည့် သူရဲကောင်းစစ်သည်တော်အားလုံးနှင့် ကိုယ်လက်အင်္ဂါပေးဆပ်သူများကိုလည်း အမှတ်တရ ဂုဏ်ပြုအပ်ကြောင်း KNU ကာကွယ်ရေးဌာနမှူးက ပြောဆိုသည်။

တော်လှန်ရေးရဲဘော်များအနေနှင့် တာဝန်ထမ်းဆောင်ရာတွင် စိတ်အားထက်သန်မှု ကြီးမားခြင်းနှင့် လုပ်ဆောင်သည့် အရာတိုင်းတွင် စည်းကမ်း ရှိပြီး တိုက်ပွဲ၀င်ရဲဘော်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို တိတိကျကျ ကျင့်သုံးပြီး မှန်မှန်ကန်ကန် ရှေ့ဆက် တိုက်ပွဲ ဝင်သွားကြရန် သတိပေးမှာကြားလိုကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပဋိပက္ခကြောင့် မြေဇာပင်ဖြစ်လာကြသည့် တိုင်းရင်းသား ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးရခြင်း၊ နေရပ်စွန့်ခွာလျက် အကာအကွယ် လိုအပ်လာနေသူများ အလျင်အမြန်တိုးပွားလာခြင်းကို သတိမူကြရန် လိုအပ်ကြောင်း၊ ပြည်သူများကို ကျောသားရင်သား မခွဲခြားဘဲ ကူညီစောင့်ရှောက်၍ ကျရောက်လာမည့် ဘေးအန္တရာယ် များကို တားဆီး ကာကွယ်ကြရန်နှင့် ထိုသို့တားဆီးကာကွယ်နိုင်ဖို့ အဓိက လိုအပ်သည်မှာ စည်းလုံးညီညွတ်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့ရောက်ရှိနေသည့် ပြည်သူများကလည်း လေးစားအသိအမှတ်ပြုပြီး အတူတကွ ပူးပေါင်းပါဝင်ကာကွယ်ပေးကြရန်လည်း လိုအပ်ကြောင်း KNU ကာကွယ်ရေးဌာနမှူးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article