28 C
Yangon

ရန်ကုန်တိုင်းတွင် မြို့နယ်များအလိုက် စစ်မှုထမ်းရမည့် စစ်သားဦးရေ ပြည့်မီအောင် လုပ်ပေးရန် စစ်တပ်က ညွှန်ကြား၊ စစ်မှုထမ်းရန် ဆင့်ခေါ်သော်လည်း မလာရောက်ဘဲ ထွက်ပြေးသူများနေရာတွင် အစားထိုးပေးရန် အမိန့်ထုတ်

Must read

ဆေးစစ်ရန် ဆင့်ခေါ်သည့် လူငယ်များကို စစ်တပ်ထဲသို့ တစ်ခါတည်းပို့ဆောင်နေပြီ

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်တိုင်းတွင် မြို့နယ်များအလိုက် စစ်မှုထမ်းရမည့် စစ်သားဦးရေ ပြည့်မီအောင် လုပ်ပေးရန် စစ်တပ်က မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို အမိန့်ထုတ် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းဆင့်ခေါ်ထားသူများကို ဆေးစစ်မှုများ လုပ်ဆောင်နေရာတွင် တချို့သော လူငယ်များမှာ လာရောက်ခြင်းမရှိတော့ဘဲ ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ထွက်ပြေးသူများနေရာတွင် ချက်ချင်း အစားထိုးပေးရန် စစ်တပ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

“မြို့နယ်အလိုက်၊ ရပ်ကွက် အလိုက် စစ်ထဲဝင်ရမယ့် သတ်မှတ် ဦးရေ ပို့မပေးနိုင်ရင် ဖြုတ်ခံရမယ် ပြောင်းခံရမယ် အရေးယူမယ် ဆိုပြီး အဆင့်ဆင့်ကြိမ်းမောင်းနေတယ်။ တချို့မြို့နယ်တွေမှာ လူမပြည့်လို့ လူငယ်ရှိတဲ့ ဝင်ဆွဲ ဖမ်းတာတွေ လုပ်နေပြီ။ လမ်းပေါ်မှာ တွေ့တဲ့လူတွေလည်း ပေါ်တာဆွဲသလို ဝင်ဆွဲတာမျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်လုပ်တာတွေရှိတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်၌ ကလေးသုံးယောက် ဖခင် ၁ ဦး အပါအ၀င်လူငယ် ၁၂ ဦးကို အုပ်ချုပ်ရေးမှူး၊ ရဲ နှင့် လူမိုက်များက စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းရန် ဆေးစစ်မည်ဟုဆိုကာ လူငယ်များကို မြို့နယ်များအားလုံးမှ စုစည်းပြီး စစ်တပ်ထဲသို့ အတင်းအကျပ် ပို့ဆောင်မှုများ လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မင်္ဂလာဒုံအရိုးအကြော စစ်ဆေးရုံနဲ့ ဘုရင့်နောင် စစ်ကြောရေးမှာ ဆေးစစ်တာတွေ လုပ်တယ်။ အခုတစ်ခါတည်း စစ်သင်တန်းကျောင်းတွေ ပို့နေပါပြီ” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန် မေလဆန်းပိုင်းမှစတင်၍ စစ်မှုထမ်းမည့် စစ်သားသစ်များ ခေါ်ယူမည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း လက်တွေ့တွင် ယခု မတ်လကုန်မှစတင်၍ စစ်သားသစ်စုဆောင်းမှုများကို စစ်တပ်က အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရမည့် စစ်သားဦးရေ ပြည့်မီအောင် #စစ်မှုထမ်းရန်ထွက်ပြေးသူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article