28 C
Yangon

မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Axiata က လုပ်ငန်းခွဲ EDOTCO Myanmar ကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာ။ ဦးသိမ်းဝေပိုင် ရိုးမအုပ်စုက ဝယ်ယူခဲ့ဟု သတင်းများ ထွက်ပေါ်နေ

Must read

ဧပြီ ၈၊ ၂၀၂၄

မလေးရှား စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Axiata သည် ၎င်းတို့ ရှယ်ယာအများစု ပိုင်ဆိုင်ထားသော တာဝါတိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် EDOTCO Myanmar ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။

EDOTCO သည် မြန်မာနိုင်ငံတွင် တာဝါတိုင်ပေါင်း ၃,၀၀၀ ကျော်အား အကောင်အထည်ဖော် ပိုင်ဆိုင် လုပ်ကိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စစ်တပ်ပိုင် MEC ၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော Mytel အပါအဝင် မိုဘိုင်းအော်ပရေတာများသို့ ၎င်းတာဝါတိုင်များအား ငှားရမ်းထားခြင်းဖြစ်သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့ဖြစ်သော Justice for Myanmar (JFM) အဖွဲ့က တာဝါတိုင်လုပ်ငန်းများသည် ၎င်းတိုနှင့် ချိတ်ဆက်ထားသော တယ်လီဖုန်းများ၏ တည်နေရာ အချက်အလက်ဒေတာများကို ခြေရာခံစုဆောင်းနိုင်မှုမှတစ်ဆင့် လူ့အခွင့်အရေးဆိုင်ရာ ခြိမ်းခြောက်မှု အန္တရာယ်များကို ဖြစ်ပေါ်စေသည် ဟု ဝေဖန်ထားသည်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအား ဆန့်ကျင်တော်လှန်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများသာမက ၂၀၁၇ ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့စဥ်ကလည်း စစ်အုပ်စုအနေဖြင့် တာဝါတိုင်များကို စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦအဖြစ် အသုံးပြုခဲ့နိုင်သည်ဟု JFM က ထောက်ပြဝေဖန်ခဲ့သည်။

EDOTCO က စစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီ Mytel အတွက် ဝန်ဆောင်မှုများ ပေးနေခြင်းသည်လည်း အကြမ်းဖက်စစ်အုပ်စုများ၏ စစ်ဆင်ရေးများအား ကူညီပံ့ပိုးပေးရာ ရောက်သောကြောင့် Axiata အနေဖြင့် ၎င်းတို့ကြောင့် ထိခိုက်နစ်နာမှုများအား လျော့ပါးသက်သာစေရန်နှင့် ပြန်လည်ကုစားပေးရေး အစီအစဥ်များ ချမှတ်လုပ်ဆောင်ကာ တာဝန်ယူမှုအပြည့်ဖြင့် ပြန်လည်ထွက်ခွာသင့်ကြောင်း JFM ကဆိုသည်။

အဆိုပါရောင်းချမှုနှင့် ပတ်သက်၍ “လက်ရှိအချိန်မှာတော့ ရောင်းချခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး” ဟု Edotco ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သော်လည်း၊ Axiata အနေနှင့် ၄င်းပိုင် အစုရှယ်ယာ ၈၇.၅ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၅၀ နှင့် ဦးသိမ်းဝေပိုင် Yoma Strategic Holdings (ရိုးမအုပ်စု) ထံ ရောင်းချခဲ့သည်ဟု မလေးရှားသတင်းများတွင် ဖော်ပြနေကြသည်။

Axiata ၏လုပ်ငန်းခွဲ Edotco သည်၂၀၁၄ ခုနှစ်အတွင်းက Digicel Myanmar Tower (MTC) တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်း ဝယ်ယူခဲ့ကာ မြန်မာဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှယ်ယာ ၂၅ ရာခိုင်နှုန်းမှာ MTC တွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည့် ရိုးမအုပ်စုက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

ရိုးမအုပ်စုအနေဖြင့် ၄င်းတို့ပိုင်ဆိုင်ထားသည့် ရှယ်ယာများထဲမှ ၁၂.၅ ရာခိုင်နှုန်းကို ဒေါ်လာ ၂၅ သန်းနဲ့ Edotco ထံ ၂၀၁၆ ခုနှစ်အတွင်းက ရောင်းချခဲ့ပြီး ကျန်ရှိတဲ့ ၁၂.၅ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်မှာ ဂျပန် Sojitz Corporation ထံ ဒေါ်လာ ၅၇.၅ သန်းနဲ့ ရောင်းချခဲ့သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် Axiata က “မြန်မာနိုင်ငံမှ မက်ခရိုစီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများတွင် ခက်ခဲ ယိုယွင်းလာခြင်းကြောင့် မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်” ဟု ၄င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာတွင် ဆွဲဆောင်မှုအရှိဆုံး ကျေးလက်ဆက်သွယ်ရေး ဈေးကွက်တခုဖြစ်ခဲ့သော်ငြား၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတွင်းအခြေအနေများ ဆိုးရွားလာသည်နှင့်အမျှ Ooredoo၊ Telenor စသည့်ဆက်သွယ်ရေး ကုမ္ပဏီကြီးများအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ မြန်မာစျေးကွက်မှ အလျိုလျို ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Axiata #EDOTCO Myanmar #မြန်မာနိုင်ငံမှထွက်ခွာ #ဦးသိမ်းဝေပိုင် ရိုးမအုပ်စု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article