28 C
Yangon

မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာလုယူရေး သဘောထားတင်းမာသော စစ်ဗိုလ်ချုပ်ဟောင်းများ စီစဉ်ခဲ့ကြသလား

Must read

မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာလုယူရေး သဘောထားတင်းမာသော စစ်ဗိုလ်ချုပ်ဟောင်းများ စီစဉ်ခဲ့ကြသလား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ သူ့ကို ဖြုတ်ချပြီး အာဏာလုယူဖို့ ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ ဗိုလ်ချုပ်တချို့ကို ဆိုင်းမဆင့် ဗုံမဆင့် ဖမ်းဆီးအရေး ယူတာတွေ လုပ်လာနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံး စစ်တပ်က လက်လွှတ်လိုက်ရတာ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ နိုင်ငံအနှံ့မှာ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်ပြီး နယ်မြေတွေ ဆုံးရှုံးလိုက်ရတာကြောင့် မင်းအောင်လှိုင်ရဲ့ ကိုင်တွယ်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုပြီး စီနီယာ ဗိုလ်ချုပ်ဟောင်းတွေက ပေါ်ပေါ်တင်တင် ပြစ်တင် ဝေဖန်လာကြပါတယ်။

တစ်ချိန်က မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ တိုက်တွန်းခဲ့တဲ့ မဘသတွေ နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေက မင်းအောင်လှိုင်ကို အရပ်ဘက်ဝန်ကြီးချုပ်ရာထူးပဲ ယူပြီး စစ်တပ်ရဲ့ တပ်ချုပ်ရာထူးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကို လွှဲပေးဖို့အထိ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ မင်းအောင်လှိုင်ဟာ စစ်တပ်အသိုင်းအ၀ိုင်းထဲမှာတောင် ဆန့်ကျင်သူများစွာနဲ့ မကြိုက်မနှစ်သက်သူတွေ မြောက်မြားစွာ ရှိလာနေပါတယ်။

မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုကို မကြိုက်မနှစ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်လာသူတွေထဲမှာ လယ်/ဆည်ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၊ ဘူးလက်လှဆွေတို့က ထိပ်တန်းက ပြေးနေပါတယ်။ ကြံ့ဖွတ်ပါတီရဲ့ အစည်းအဝေးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဆုံကြတဲ့ ပွဲတွေမှာ မြင့်လှိုင်၊ လှဆွေနဲ့ သဘောထား တင်းမာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှု အမှားတွေကို ပေါ်ပေါ်တင်တင် ပြစ်တင် ဝေဖန်လေ့ရှိတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ကို မကြိုက်မနှစ်သက်ကြတော့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို လေ့လာကြည့်မယ်ဆိုရင် အခြေခံအားဖြင့် လူမိုက် သန္ဓေစိတ်ရှိသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ဆိုရင် စစ်တပ်ထဲမှာ တစ်လျှောက်လုံး မိုက်မိုက်ကန်းကန်း ဆိုးတေ မိုက်ရူးရဲခဲ့သူ၊ အမိန့်အရဆိုရင် လူသတ် ဖို့ ဝန်မလေးတတ်တဲ့ ဉာဉ်သဘောထားရှိသူဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဘူးလက်လှဆွေဟာလည်း မြင့်လှိုင်လိုပဲ လူမိုက်သန္ဓေရှိသူဖြစ်ပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပါတယ်။ သူ လယ်/ဆည်ဝန်ကြီးဘ၀က လယ်ယာမြေတွေကို သားမက်နာမည်နဲ့ ယူခဲ့တဲ့ အကျင့်ပျက်ခြစားမှုနဲ့ အမှုဖွင့်ပါတယ်။ တကယ်တော့ သူ လယ်/ဆည်ဝန်ကြီးဖြစ်ခဲ့တာ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁- ၂၀၁၆ ကာလက ဖြစ်ပါတယ်။

စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်၊ ဝန်ကြီးဖြစ်ခဲ့တဲ့သူမှန်သမျှ မြေယာတွေကို မတရားရယူတာ၊ လာဘ်ပေး လာဘ်ယူမှုတွေ ကျူးလွန်နေကြတာ အဆန်းမဟုတ်တော့ပါဘူး။ ၇ နှစ်၊ ၈ နှစ်လောက်ကြာခဲ့ပြီးမှ မြင့်လှိုင်ကို မြေယာအမှုနဲ့ ဖမ်းဆီးအရေးယူမှုရဲ့ နောက်ကွယ်မှာ မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာပြန်လုဖို့ ကြိုးစားလို့ ပုဒ်မတပ်ဖမ်းဆီးခြင်းသာဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီနောက် ဧပြီလ ၁၁ ရက်နေ့မှာ ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ နိုင်ငံတကာရေးရာ တာဝန်ခံ ဒုတိယဗိုလ် ချုပ်ကြီးဟောင်း အောင်စိုးတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပါတယ်။ ဧပြီလ ၁၂ ရက်နေ့ညနေပိုင်းမှာတော့ ကြံ့ဖွတ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဘူးလက်လှဆွေ ပျောက်ဆုံးသွားပါတယ်။ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကတော့ ဘူးလက်လှဆွေ အဖမ်းခံရဖို့ များတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် မြင့်လှိုင်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ စိုးမောင်လည်း ရှောင်နေရသလိုလို အဖမ်းခံနေရသလိုလိုနဲ့ ပျောက်ဆုံးနေပါတယ်။ တချို့ သတင်းရင်းမြစ်တွေကတော့ သမ္မတရုံး ဝန်ကြီးဟောင်း စိုးမောင် အဖမ်းခံထားရတယ်လို့ ဆိုကြပေမယ့်လည်း ရန်ကုန်ခေတ်သစ်အနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

သင်္ကြန်ကာလ ထူးထူးခြားခြား နေပြည်တော်မှာ လုံခြုံရေးတွေကလည်း ထူထူထပ်ထပ် တိုးမြှင့်ထားပါတယ်။ ရန်ကုန်ခေတ်သစ်ရဲ့ စစ်ဘက်သတင်းရင်းမြစ် ၂ ခုကတော့ နေပြည်တော်မှာ မအောင်မြင်တဲ့ အာဏာလုဖို့ ကြိုး စားတဲ့လုပ်ရပ် တကယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ဆက်တွဲ စစ်တပ်အသိုင်းအ၀ိုင်းမှာ လက်ရှိရော အငြိမ်းစား ဗိုလ်ချုပ်တွေပါ ထပ်မံ ဖမ်းဆီး စစ်ဆေးခံရတာတွေ ရှိလာလိမ့်ဦးမယ်လို့ ဆိုကြပါတယ်။ စစ်တပ်ရဲ့ အစဉ်အလာဖြစ်တဲ့ အာဏာရှိသူက အနိုင်ရတဲ့ “ဖြုတ် ထုတ် သတ် ” ဇတ်လမ်းတွေ ပိုပြီး မြင်ရမယ်လို့ ဆိုပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ကတော့ မင်းအောင်လှိုင်ကို ဖြုတ်ချ အာဏာလုဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗွေဆော်ဦး ဖမ်းဆီးခံရသူတွေဟာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ လူရင်းတွေ ဖြစ်နေတာဖြစ်ပါတယ်။

မြင့်လှိုင်ဟာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ လူရင်းဖြစ်တဲ့အပြင် စိုးမောင်ဟာလည်း အာဏာရှင်ဟောင်း သန်းရွှေနဲ့ အမြဲမပြတ် ထိတွေ့ ဆက်ဆံသွားလာနေတဲ့ လူယုံတစ်ဦးလည်းဖြစ်ပါတယ်။

အာဏာသိမ်းလိုက်လို့ ပြည်သူလူထုရဲ့ မုန်းတီးမှုခံနေရတဲ့ စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှုံးနေသလို စစ်ဗိုလ်ချုပ်တွေအတွင်းမှာလည်း ပြိုကွဲမှု အက်ကြောင်းကြီးတွေကို ကြီးမားစွာ မြင်လာနေရပါတယ်။

“မင်းအောင်လှိုင် အသုံးမကျတာနဲ့ ငါတို့ပါ ဘ၀ပျက်တော့မယ်။ နိုင်ငံတော်နဲ့ တပ်မတော်လည်း ပျက်စီးတော့မယ်။ သူ့ကို အမြန်ဖယ်ရှားရမယ်” ဆိုတဲ့ စကားက သန်းရွှေခေတ် ထိပ်တန်းနေရာ ရခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကြားမှာ ပြောဆို ညဉ်းတွားလေ့ရှိတဲ့ စကားဖြစ်လာတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီစကားအတိုင်းပဲ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ ကြိုးစားကြရင်း မအောင်မြင်တဲ့ အာဏာလုယူမှု တကယ်ဖြစ်ပွားခဲ့တာလား၊ စစ်ဗိုလ်ချုပ် အဟောင်းအုပ်စုနဲ့ လက်ရှိ အာဏာယူတဲ့ စစ်အုပ်စုတွေအကြားမှာ အကွဲအပြဲ အက် ကြောင်းနဲ့ အာဏာလုပွဲက ဘယ်အတိုင်းအတာအထိ သွားနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မင်းအောင်လှိုင်ကို ဖြုတ်ချ #အာဏာလုယူရေး သဘောထားတင်းမာ #စစ်ဗိုလ်ချုပ်ဟောင်းများ စီစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article