29 C
Yangon

ဒဏ်ရာရနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်း ထွက်မလာတာ ၁၅ ရက်ရှိပြီ

Must read

ဒဏ်ရာရနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်း ထွက်မလာတာ ၁၅ ရက်ရှိပြီ

ရန်ကုန်၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း အစည်း အဝေး လုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိနေသူ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် လူမြင်ကွင်းတွင် ပျောက်ကွယ်နေသည်မှာ ယနေ့ဆိုလျှင် ၁၅ ရက်တိုင်ရှိနေပြီဖြစ်သည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့ ဗထူးတပ်နယ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှစ တင်၍ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားသည်မှာ ယနေ့ဧပြီလ ၁၈ ရက်နေ့တွင် ၁၅ ရက်ရှိလာကြောင်း၊ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာကို အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရုံးတက် အစည်း အဝေးလုပ်နေသည့် စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကို SHAR HTOO WAW နည်းပညာတပ်ဖွဲ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ ရက်ဆက်တိုက် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၀ရက်နေ့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် အစည်းအဝေး ခန်းမဆောင်ပေါ်သို ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ခန်းမဆောင် ၏ ခေါင်းမိုးပြိုကျသဖြင့် စိုးဝင်း၏ ပခုံးနှင့် အရိုးအကြော ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ပြသ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။

“သူက ရန်ကုန်ကန်သာယာဆေးရုံကို နေပြည်တော်ကနေ စစ်ရဟတ်ယာဉ်နဲ့ သွားပြီး ဆေးကုတာရှိတယ်။ အဲဒီဆေးရုံမှာပဲ ပြည်ပက ဆရာဝန်တွေ လာကြည့်ပေးတယ်လို့လည်းသိရတယ်။ လူမြင်ကွင်းက သူ ပျောက်နေတာ မှန်ပေမယ့် အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူးလို့ သိထားပါတယ်။ လိုင်းပေါ်မှာတော့ သူသေပြီဆိုပြီး ခဏခဏ သတင်းတွေ ထွက်ပေမယ့် ရရှိထားတဲ့ဒဏ်ရာကြောင့် လူလုံး ထွက်မပြတာကလွဲရင် သေမယ့် အခြေအနေတော့ မရှိသေးဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယခင်နှစ်သင်္ကြန်ကာလများတွင် စိုးဝင်းသည် နှစ်သစ်ကူးဆုတောင်း အစီအစဉ်၊ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနှင့်ပိတ်ပွဲ၊ နှစ်သစ်ကူး တရားနာလှုပ်ရှားမှုများ စသည့် အများပြည်သူဆိုင်ရာ အခမ်းအနားများတွင် တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် သင်္ကြန်တွင်း တစ်တွင်းလုံး စိုးဝင်းမှာ လုံး၀ လူလုံးပြနိုင်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကမူ ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သတင်းများသည် သတင်းအမှား သာဖြစ်သည်ဟု တွင်တွင်ကျယ်ကျယ် မကြာခဏဆိုသလို ငြင်းဆိုနေသော်လည်း လက်တွေ့တွင်မူ စိုးဝင်း လူလုံးထွက်မပြ ဖြစ်နေမှုကို ဖြေရှင်းနိုင်ခြင်းမရှိပေ။ စစ်ကောင်စီကမူ စိုးဝင်းသည် ကျန်းမာစွာဖြင့် တာဝန်များ ထမ်းဆောင်နေသည်ဟု မကြာခဏဆိုသလို ထုတ်ပြန်ပြောဆိုလျက်ရှိသည်။

မဘသနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေရာတွင် စိုးဝင်းဖြင့် အစား ထိုးရန် တောင်းဆိုခဲ့မှုကြောင့် စိုးဝင်းအပေါ် မင်းအောင်လှိုင်က အမြင် မကြည်လင်မှုရှိနေပြီး ယင်းအမြင်မကြည်လင်မှုကြောင့်လည်း စိုးဝင်းကို မကြာခင် တစ်စုံတစ်ရာ ချောင်ထိုး ဖယ်ရှားဖွယ်ရှိသည့် ဖြစ်စဉ်များ ရှိလာနိုင်သည်ဟု စစ်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article