31 C
Yangon

နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းအပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်း မရ သဖြင့် စစ်ကောင်စီက လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၃

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်းမရသဖြင့် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဂုမကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ အုပ် ချုပ်ရေးမှူး ကြည်ဝင်း၊ လ၀က စာရေးမ စမ်းမော်ကြီးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း လူငယ်များကို ဝင်ရောက်ဖမ်းဆီးမှုများ လုပ် ဆောင်နေကြောင်း၊ ဂုမကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ခုတွင် ဧပြီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ လ၀ကနှင့် စစ်တပ် က နေအိမ်များအပေါ် အထိပါ လူငယ်များကို တက်ရောက် ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိသူ လူငယ်များကို စစ်တပ်က တပ်သားသစ်အဖြစ် ချက် ချင်း ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဂုမကွင်းကျေးရွာအုပ်စုမှာ နေ့ခင်းကြီးတောင် လူငယ်တွေကို စစ်ထဲလိုက်ရမယ်ဆိုပြီး တရားခံဖမ်းသလိုအတင်းလိုက်လံဖမ်းဆီးနေတာ။ လူငယ်တွေ အကုန် ထွက်ပြေးတိမ်းရှောင်နေရတယ်။ ၄ ရက်ရှိနေပြီ။ ဂုမကွင်းကျေးရွာ အုပ်စု အပိုင် ၆ ရွာလုံးမှာ အဲဒါ ဖြစ်နေတာ” ဟု အဆိုပါကျေးရွာမှ လူငယ်တစ်ဦးက ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း ၊ ပွင့်ဖြူ မြိူ့အရှေ့ပိုင်းအုပ်ချုပ်ရေးမှူး သာဒွေးအောင်က စစ်မှုထမ်းရန်အတွက် လူမရှိသဖြင့် လူငယ်များကို လိုက်လံ ဖမ်းဆီးနေကြောင်း ၊ ဖမ်းဆီးရာတွင် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးသည်ဟု မပြောဘဲ PDF ထောက်ပံ့ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးပြီး စစ်တပ်ထဲဝင်လျှင် ထောင်မချဟု ခြိမ်းခြောက်ပြောဆို ဖမ်းဆီးနေကြောင်း၊ လူငယ်အများစု ထွက်ပြေးနေရပြီး ကျန်ရစ်သူ မိဘများကိုပါ ပြဿနာရှာလာသဖြင့် မိဘများပါ အိုးအိမ်များစွာ စွန့်ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။

“ပွင့်ဖြူမြို့အရှေပိုင်းအုပ်ကြီးသာဒွေးအောင်က ရဲခွေးများကိုခေါ်ဆောင်ပြီး လူငယ်များကို လိုက်လံဖမ်းဆီးနေပါတယ်။ လူငယ်တွေကို စစ်ထဲဝင်ဖို့ ဖမ်းရာမှာ ရိုးရိုးမခေါ်ဘဲ PDF ထောက်ပံ့ပို့ဖြစ်တယ်ဆိုပြီး ဖမ်းခိုင်းတယ်။ မိရင် အမှုဖွင့်မခံချင်ရင် ထောင်ကျမခံချင်ရင် စစ်ထဲဝင်ဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်တယ်” ဟု ပွင့်ဖြူမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ဧပြီလ ၂၂ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု ၊ ကွေ့ကြီးကျေးရွာမှ အဖ ဦးကြည်စိုး၏ သားဖြစ်သူ မောင်ကျော်ကျော်နှင့် အဖ ဦးကံကောင်း၏သား မောင်မျိုးဇော်ဌေး တို့ လူငယ် ၂ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူး ညွှန့်ဝင်းနှင့် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အလားတူ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုရပ်ကွက်မှ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့က ရပ်ကွက်အတွင်းမှ လူငယ်များကို စစ်မှုထမ်း အပတ်စဉ် ၂ အတွက်ဟုဆိုကာ စစ်တပ်နှင့်အတူ တပ်သားသစ်အဖြစ် လိုက်လံ ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူး တင်လှိုင်နှင့် ဆယ်အိမ်မှူး ညွှန့်အောင်တို့က စစ်မှုထမ်းရမည့် လူငယ်များကို မဲဖောက် ရွေးချယ်ပြီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးမည့်အပြင် နေအိမ်ကိုပါ ချိတ်ပိတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စစ်တပ်ကလည်း ယင်းသို့ လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း ပြောဆိုပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင်လည်း ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန် ခရီးသည်တင်ကားများကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးပြီး ခရီးသည် အမျိုး သမီး ၃ ဦးနှင့် အမျိုးသား ၄၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး အမျိုးသားများကို တပ်သားသစ်အဖြစ် စုဆောင်းမည်ဟု တရားဝင် ပြောဆို ဖမ်းဆီးသွားကြောင်း ခရီးသည်တင်ယာဉ်လိုင်းတချို့ထံမှ စုံစမ်းသိရှိရသည်။

ထို့အတူ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၅၈ အနီးရှိ ဘောနီကျေးရွာတွင် ယခုရက်ပိုင်းအတွင်း စစ်တပ်နှင့်ရဲများက တပ်သားသစ် စုဆောင်းရန် လူငယ်များကို ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် မိုးညိုတန်း ရပ်ကွက်နှင့် ချမ်းမြသာမြေရပ်ကွက်တို့ မိုးညိုတန်းအုပ်ချုပ်ရေးမှူး သိန်း ဇော်၊ ရာအိမ်မှူးကျော်လှိုင်၊ မြင့်မောင်၊ စည်သူတို့က ရဲများနှင့်အတူ လူငယ်များကို စစ်မှုထမ်း ရန် တပ်သားသစ်အဖြစ် လိုက်လံ စုဆောင်းဖမ်းဆီးခဲ့ကြောင်း၊ လူငယ်အများစု ထွက်ပြေးတိမ်းရှောင်ကြပြီး ဖမ်းဆီးခံရသော လူ ငယ်တချို့အနက်မှ ငွေကြေးတတ်နိုင်သော လူငယ်များ ပြန်လည် လွတ် မြောက်ပြီး ငွေမပေးနိုင်သောလူငယ်များမှာ စစ်တပ်ထဲသို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။

“လူငယ်တွေကို ဝင်ဖမ်းရာမှာ ငွေတတ်နိုင်တဲ့သူတွေကတော့ ၁၀ သိန်းပေးပြီး ပြန်လွတ်တယ်။ မတတ်နိုင်သူတွေကတော့ တပ်ထဲ ရောက်သွားတယ်” ဟု အုတ်ဖို၊ မိုးညိုတန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ဂျို့ပင်စခန်းအုပ်စုရှိ ကျေးရွာများတွင် နေ့ရောညပါ တပ်သားသစ် အဖြစ်စုဆောင်းလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ပေါင်းတည်၊ ပြည်မြို့ဘက်တို့တွင်လည်း အမျိုးသား လူငယ်များကို နံနက်ပိုင်းအလုပ်သွားချိန်နှင့် ညနေပိုင်း အလုပ်ပြန်ချိန်တို့တွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများ ကြုံတွေ့နေရသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ် မကျည်းပင်ကျေးရွာအုပ်စုတွင်လည်း စစ်မှု ထမ်း အပတ်စဉ် ၂ အတွက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ကြောင်း၊ မလာရောက်သူများကို PDF အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးမည်ဖြစ်ကြောင်း၊ နေအိမ်များကိုလည်း ချိတ်ပိတ်မည်ဟု ခြိမ်းခြောက် ဖမ်းဆီးနေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက် ၊ ယုဇဥယျာဉ်မြို့တော်၊ ၇၈ ရပ်ကွက်တို့တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စုဆောင်းရေးတပ်ထဲသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article