ရန်ကုန်၊ ဧပြီ ၂၃
ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းကြိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ပြည်မြို့နယ်၌ စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းကြိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်းမှ ရဲဘော်များက သေနတ်ဖြင့် ၃ ချက်ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းကြိုင်သည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်က ခန့်အပ်သော အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးခြင်း၊ စစ်မှုထမ်း ဥပဒေအတွက် အစည်းအဝေးခေါ်၍ ပြည်သူများကို ဖိအားပေးခြင်းနှင့် လွန်ခဲ့သော ၁ လခန့်က မြို့နယ်မှူး၊ စခန်းမှူး၊ နယ်ထိန်းများကို နေအိမ်တွင် ဧည့်ခံကျွေးမွေး သောက်စားပျော်ပါးကာ ရပ်ရွာအတွင်းရှိ ပြည်သူများကို ချောက်ချ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
“နောက်ကျောကို ၂ ချက် နားထင်ကို ၁ ချက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးပါတယ်”ဟု ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ပြည်ခရိုင် ၃၆၀၂ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရပ်/ကျေးထွေအုပ်စာရေးများနှင့် ပျူစောထီးသတင်းပေးများကို ပြတ်သားစွာ အရေးယူဆောင်ရွက်နေသည်ကို ပြည်သူများကို အသိပေးလိုကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူး ဝင်းကြိုင်
