34 C
Yangon

ရန်ကုန်နှင့်မန္တလေးတွင် လျှပ်စစ်မီးပြတ်မှု အခြေအနေဆိုးရွားလာနေသော် လည်း ကွန်ဒိုနှင့် ပုဂ္ဂလိကအိမ်ရာဝင်းများက မီးမပြတ်စေရန် မြို့နယ်လျှပ်စစ်ရုံးကို ငွေပေး၍ လျှပ်စစ်မီးပေးချိန် တိုးမြှင့်ခိုင်း

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်မှု အခြေအနေဆိုးရွားလာနေသော်လည်း ကွန်ဒိုနှင့် အိမ်ရာများက မီးမပြတ်စေရန် မြို့နယ်လျှပ်စစ်ရုံးကို ငွေပေး၍ မီးမဖြတ်ခိုင်းဘဲ အချိန်ကြာကြာ မီးပိုပေးရန် လုပ်ဆောင်မှုများရှိနေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ရန်ကုန်မြို့တွင် ယခုဧပြီလမှစတင်၍ လျှပ်စစ်မီးရရှိမှုမှာ လုံး၀ အချိန်မမှန်တော့ကြောင်း၊ တစ်နေ့လျှင် မီးလာချိန်မှာ ၄ နာရီမှ ၅ နာရီဝန်းကျင်သာရှိနေပြီး အချိန်ပြည့် မီးပြတ်နေကြောင်း၊ သို့ရာတွင် ကွန်ဒိုများနှင့် အိမ်ရာဝင်းများအနေ ဖြင့် လျှပ်စစ်မီး ပိုမို အချိန်ကြာမြင့်စွာ ရရှိရန်၊ လျှပ်စစ်မီး မပြတ်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများနှင့် ညှိနှိုင်းပြီး လစဉ် ငွေကြေး ပေးကာ မီးရရှိချိန် ပိုမိုများပြားရေး လုပ်ဆောင်ကြကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးများသို့ မီးရရှိလိုသည့် အချိန်အနည်းအများအပေါ် မူတည်၍ ကွန်ဒိုများနှင့် အိမ်ရာများက လစဉ် ငွေကျပ် သိန်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပေးကြရကြောင်း သိရှိရသည်။

“ကွန်ဒိုနဲ့ အိမ်ရာတွေက မီးပြတ်သွားရင် ဒီဇယ်နဲ့ မီးစက်ကြီးတွေ မောင်းတယ်။ နောက်တော့ မြို့နယ်လျှပ်စစ်ရုံးတွေနဲ့ ညှိနှိုင်းပြီးတော့ မီးမဖြတ်အောင် အချိန်တိုးပေးအောင် ညှိကြတယ်။ ကွန်ဒိုနဲ့ အိမ်ရာတွေဘက်ကလည်း မီးပြတ်သွားရင် တစ်လကို ဒီဇယ်မီးစက်မောင်းရတဲ့ စရိတ်က သိန်းရာချီရှိတော့ မြို့နယ်လျှပ်စစ်ရုံးနဲ့ ညှိပြီး ငွေပေး မီးအချိန်ပိုပေးအောင်၊ မီးမဖြတ်အောင် လုပ်ကြတာ။ မြို့နယ်လျှပ်စစ်ရုံးကလည်း အဲဒီဝင်ငွေက ကြားပေါက် ဝင်ငွေရပေါက်ကြီးလိုဖြစ်နေတယ်။ ရတဲ့ငွေကို မြို့နယ် လျှပ်စစ်ရုံး မန်နေဂျာကစပြီး အပေါက်စောင့်အထိ ခွဲဝေယူကြတာ။ အဲဒီတော့ သာမန်ပြည်သူတွေ မီးရတဲ့အချိန် ပိုနည်းလာတယ်။ ကွန်ဒိုနဲ့ အိမ်ရာတွေက ငွေပေးထားတော့ မီးအချိန်များများ ပိုရတယ်။ တချို့အိမ်ရာတွေဆိုရင် မီးကို မဖြတ်ဘူး။ ငွေပေးထားလို့ ” ဟု ထိုသို့သော မသမာမှုများအကြောင်း သေချာစွာ သိရှိထားသော ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြို့နယ်လျှပ်စစ်ရုံးများကို လာဘ်ငွေပေး၍ အချိန်များများ မီး ရရှိနေသော ကွန်ဒိုနှင့်အိမ်ရာများတွင် ဦးတေဇပိုင် မင်းဓမ္မကွန်ဒိုနှင့်အိမ်ရာ၊သန်လျင် Star City ၊ Golden City ကွန်ဒို၊ သံလွင်လမ်းအတွင်းမှ ကွန်ဒိုအိမ်ရာတချို့ အပါအဝင် ဖြစ် ကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးများကလည်း မီးပေးခွင့်သည် ၎င်းတို့၏ လုပ်စားဂွင်ဖြစ်၍ မီးမှန်လိုသော ဟိုတယ်၊ မိုတယ်၊ လုပ်ငန်းများကလည်း မြို့နယ်လျှပ်စစ်ရုံးများနှင့် ညှိနှိုင်းကာ လာဘ်ငွေပေးပြီး မီးမပြတ်စေရန် ဖန်တီးကြကြောင်း သိရှိရသည်။

“ဦးတေဇ ပိုင်တဲ့ မရမ်းကုန်း မင်းဓမ္မကွန်ဒို က မီးလုံးဝမပြတ်တာ ၄ရက်ရှိပြီ။ ကွန်ဒိုမှာနေတဲ့ မိတ်ဆွေတွေပြောကြတာတော့ EPC နဲ့ ညှိပြီး အပိုဆောင်းဝယ်သုံးတယ်။ ရပ်ကွက်ထဲ တွေကတော့ မီးပြတ်ချိန် ပိုများ လာပြီး မီးလာချိန်တစ်နာရီနောက်ကျလာတယ်။ မီးပြတ်ရင်လည်း တစ်နာရီစောပြတ်တယ်။ ညနေ ၅နာရီ ခွဲမှ လာတဲ့မီးက ည ၉နာရီမှ ပြတ်ရမှာကို (အရင်က ည ၁၁နာရီ မှသာ ပြတ်သည်) ပြတ်ရမယ့် အစား ည ၈နာရီ မခွဲခင်ကြိုပြတ်နေတယ်။ ကွန်ဒိုနဲ့ အိမ်ရာတွေကိုလျှပ်စစ်ရောင်းတာ။ မြို့နယ်လျှပ်စစ်ရုံးတွေကိုယ်တိုင် အဂတိ လိုက်စားမှုဖြစ်နေတာ” ဟု မရမ်းကုန်းမြို့နယ်မှ လျှပ်စစ်ရုံးနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

ထိုသို့ မြို့နယ်လျှပ်စစ်ရုံးများ၏ အဂတိလိုက်စားမှုကြောင့် မီးပြတ်ချိန် ပို၍ များများ ခံရသူများမှာ သာမန်ပြည်သူများဖြစ်ပြီး မီးမည်မျှပင် ပြတ်စေကာမူ စောဒကတက်မရသည့် အခြေအနေဖြစ်နေကြောင်း၊ တစ်နေ့ ၂၄ နာရီတွင် မီးလာချိန်မှာ အနည်းဆုံး ၄ နာရီဝန်းကျင်မျှသာရှိတော့ကြောင်း မန္တလေးမြို့မှ ပြည်သူတချို့က ဆိုသည်။

“တစ်နေ့ကို ၄ နာရီ မီးရဖို့တောင်မလွယ်တော့ပါဘူး။ ဒီရှေ့ဆို ပိုဆိုးလာဖို့ပဲရှိပါတယ်။ ငွေတတ်နိုင်တဲ့ အလုပ်ရုံ စက်ရုံတွေက လျှပ်စစ်မီးပြတ်တောက်မူ နည်းအောင် လျှပ်စစ်မီးကိုဝယ်ကြတယ်။ ငွေပေးထားတဲ့ စက်ရုံ အလုပ်ရုံနဲ့ မီးလိုင်းချင်းတူတဲ့ ရပ်ကွက်တွေတော့ အမြဲ မီးလာကြတာပေါ့။ ကျန်တဲ့ရပ်ကွက်တွေကတော့ မီးပေးချင်ပေးမယ်၊ မပေးချင်မပေးဘူးဆိုတဲ့ အချိုးမျိုး မြို့နယ်လျှပ်စစ်ရုံးတွေက ချိုးနေတာပါ။ ပြည်သူတွေရဲ့စိတ်ကို လျှပ်စစ်မီးနဲ့ သတ်နေတာကြာနေပါပြီ” ဟု မန္တလေးမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးဌာနမှ တာဝန်ကျ အော်ပရေတာတစ်ဦးကမူ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေမှာ ဓာတ်အားရရှိမှု အပေါ် မူ တည်၍ ပေးနေရခြင်းဖြစ်ပြီး လက်ရှိ နွေရာသီကာလ လျှပ်စစ်သုံးစွဲမှု မြင့်မားလာကြောင်း၊ ရေအားလျှပ်စစ်ရရှိမှုမှာလည်း လုံး၀ မရှိသလောက်နည်းသွား၍ သဘာ၀ဓာတ်ငွေ့ဖြင့် ထုတ်လုပ်လည်ပတ်နေသော လျှပ်စစ်ဓာတ်အား ကိုသာ အဓိကထား အသုံးပြု၍ အလှည့်ကျပေးဝေနေကြောင်း ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်မြို့မှ Golden City ကွန်ဒို။( ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်နှင့်မန္တလေး #ကွန်ဒိုနှင့် ပုဂ္ဂလိကအိမ်ရာဝင်းများက မီးမပြတ်စေရန် #မြို့နယ်လျှပ်စစ်ရုံးကို ငွေပေး

ရန်ကုန်မြို့မှ Golden City ကွန်ဒို။( ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article