28 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် NUG ဝန်ကြီးချုပ် သတိပေး

Must read

ရန်ကုန်၊ မေ ၁

စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုသည်။

ယမန်နေ့ ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၁၅/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ခေတ်စနစ်ပြောင်း တော်လှန်ရေး အစအချိန်တွင်လည်း အခက်အခဲနှင့် အကျပ်အတည်းများ ရှိခဲ့သကဲ့သို့ အောင်မြင်မှုဆီသို့ ရောက်ရှိခါနီးအချိန်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များပြားလာကြောင်း ၎င်းက​ ပြောဆိုသည်။

“ခေတ်စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းဖို့ ကြိုးစားဆောင်ရွက်ရတဲ့အခါ အမြဲတမ်း အခက်အခဲတွေနဲ့ ကြုံတွေ့ရစမြဲပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ စတင်စဉ်တုန်းကလည်း စတင်စဉ်အချိန်မို့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရသလို အခုလို တဆင့်ပြီး တဆင့် ကြိုးစားပြီး အောင်မြင်မှုဆီ ရောက်ခါနီးတဲ့အချိန်မျိုးမှာဆိုရင်လည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ ဝေဝါးသွားစေမယ့် သတင်းစကားတွေနဲ့ သွေးခွဲ၊ သပ်လျှိုမှုတွေကလည်း များသထက် များလာနေတာကို အားလုံးလည်း သတိထားမိမယ်လို့ မျှော်လင့်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ သူတို့ရဲ့နောက်ဆုံး ထွက်သက်အထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်လို့ရနိုင်တဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရင်း ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေအုံးမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

NUG အစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ပြဿနာများကို ၀ိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန် ကြိုးစားရမည်ဖြစ်ပြီး ပြဿနာများမဖြစ်စေရန်လည်း အသေးအဖွဲ့ကအစ ဂရုစိုက်ကြရန်၊ ပြဿနာများ မဖြေရှင်းနိုင်ပါက အုပ်ချုပ်ရေးယန္တရားကိုပါ ထိခိုက်လာနိုင်သဖြင့် ဂရုစိုက်ကြရန် ဝန်ကြီးချုပ်က ဆက်လက် မှာကြားသည်။

“ဒီလိုအချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ ဖြစ်စေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာပင်ဖြစ်စေ အသေးအဖွဲကိစ္စကစလို့ ကြီးမားတဲ့ ပြဿနာမျိုးတွေ မဖြစ်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် တာဝန်ယူ ထားရတာကြောင့် အင်အားစုတွေ အချင်းချင်းကြားက အခက်အခဲတွေ၊ မပြေလည်မှုတွေကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တော်လှန်ရေးအင်အားစု တွေနဲ့ ပြည်သူတွေကြားက ပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ကနေ စီမံကြရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ ကို မဖြေရှင်းနိုင်ရင် ကျွန်တော်တို့ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုအပေါ် အများကြီး ထိခိုက်လာနိုင်တာမို့ ဝန်ကြီးများအားလုံး ဂရုပြု အားစိုက် ကြရမယ့် ကိစ္စပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

လက်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲမှုများ ဖြစ်ပေါ်စေရန် စစ်ကောင် စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိရာ မြ၀တီမြို့သိမ်းကိစ္စ၊ မြ၀တီမြို့မှ တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာမှုနှင့်ပတ်သက်ပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် ပြည်သူများအကြား သွေးကွဲမှုများဖြစ်စေရန် အကြမ်းဖက်စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့် မှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article