25 C
Yangon

ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ တစ်နိုင်ငံလုံး မီးပြတ်နေရဟု စစ်ကောင်စီက အကြောင်းပြပြန်

Must read

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ် ခန့်သာထုတ်နိုင်၍ မီးမပေးနိုင်

ရန်ကုန်၊ မေ ၂

မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများ ပြတ်နေရခြင်း၏ အကြောင်းတရားများတွင် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ ဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည့်အနေဖြင့် သတင်းထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းကြီးများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား ၇၁ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း ၈၉ တိုင် ပြိုလဲပျက်စီးခဲ့ကာ ဓာတ်အားခွဲရုံကြီးငါးရုံ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တာဝါတိုင်ပေါင်း ၄၉ တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် ၄၀ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ပြောဆိုသည်။

လက်ရှိကာလ ရွှေကျင်မှ ၇၅ မဂ္ဂါဝပ်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃) တို့မှ ၂၄၈ မဂ္ဂါဝပ် နှင့် သဖန်းဆိပ် ၃၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများက ထွက်ရှိသော ဓာတ်အား ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရကြောင်း စစ်ကောင်စီက ဆိုသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ်ခန့်သာထုတ်နိုင်၍ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး အပြည့်အ၀ ပုံမှန် မပေးနိုင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

လက်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း စစ်ကောင်စီက ဆိုသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၏ တပ်ဆင်စက်အင်အား ၃၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၏ တပ်ဆင်စက်အင်အား ၃၆၃၈ ဒသမ ၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံနှစ်ရုံ၏ တပ်ဆင်စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ခြောက်ရုံ၏ တပ်ဆင်စက်အင်အား ၁၈၀ မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ စက်တပ်ဆင်အင်အားသည် ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်အထိ ရှိကြောင်း သိရှိရသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုသည် လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင်လျော့နည်းကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုအောက်တွင် ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ ရရှိမှုတို့အား ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ ကြုံနေရသည်ဟု စစ်ကောင်စီက ဆိုသည်။

လတ်တလော ဓာတ်အားမလုံလောက်မှုကြောင့် အရေးပေါ်ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ခြင်းများကို ပြုလုပ်ရခြင်းကြောင့် ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်သည် ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ဓာတ်ပုံ – မီးပြတ်နေသော ရန်ကုန်မြို့တော်။ (ပုံအဟောင်းဖြစ်သည်)

Photo- NY Time

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မီးပြတ်နေသော ရန်ကုန်မြို့တော်။ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article