25 C
Yangon

သံတွဲတွင် စစ်ခေါင်းဆောင် မိန်းမ ကြူကြူလှ၏ဇာတိကျေးရွာ ဇီးကျွန်းကို စစ်တပ်က လက်နက်ကြီးများဖြင့် တောက် လျှောက် ပစ်ခတ်နေပြီး ကျွဲနွားများသေဆုံး

Must read

ရန်ကုန်၊ မေ ၁၃

ရခိုင်ပြည်၊ သံတွဲမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီး ကြူကြူလှ၏ ဇာတိကျေးရွာ ဇီးကျွန်းကို စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကြူကြူလှ၏ ဇာတိကျေးရွာ ဇီးကျွန်းကို AA တပ်က သိမ်းပိုက်လိုက်သဖြင့် စစ်ကောင်စီတပ်က တောက်လျှောက်ဆိုသလို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ ဇီးကျွန်းကျေးရွာမှ ပြည်သူတချို့လည်း ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့က ဇီးကျွန်းရွာထဲကို လက်နက်ကြီးနဲ့ စစ်တပ်က ပစ်ခတ်တယ်။ မနေ့ မနက်ပိုင်းမှာတင် လက်နက်ကြီးကျည် ၃ လုံးကျတယ်။ နွား ၂ ကောင်သေတယ်။ မနေ့ ညနေမှာ လက်နက်ကြီး ၂ လုံးထပ်ပစ်တယ်။ AA တွေ ရှိနေတယ်ဆိုပြီး တောက် လျှောက် စစ်တပ်က ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများသည် သံတွဲမြို့နှင့် အနီးဆုံး နေရာအထိ ရောက်ရှိလာနေကြောင်း၊ မေလ ၉ ရက်နေ့တွင် လင်းသီရွာအနောက်ဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက သံတွဲမြို့ပေါ်နဲ့ သိပ်မဝေးတော့ဘူး။ AA ကလည်း တစ်ရွာပြီး တစ်ရွာ သိမ်းပြီး ရှေ့တိုးလာနေပြီ။ သံတွဲမြို့ပေါ်မှာ သိပ်မကြာခင် ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်။ စစ်တပ်ကတော့ အမြောက်တပ်၊ ရေတပ်သင်္ဘောနဲ့ ရွာတွေဘက်ကို တောက်လျှောက်ဆိုသလို လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ အရပ်သားပြည်သူတွေ ထိခိုက်မှုတွေလည်းရှိနေတယ်” ဟု သံတွဲမြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

သံတွဲတွင် တိုက်ပွဲပြင်းထန်နေသဖြင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းလည်း ရပ်ဆိုင်းသွားကြောင်း ၊ AA က သူဌေးရေအားလျှပ်စစ်စီမံကိန်းဧရိယာနှင့် လင်းသီ၊ ရွှေလှေ၊ ရှင်စောပြင်ကျေးရွာတို့ အနီးတစ်ဝိုက်ကို ဝိုင်းရံပိတ်ဆို့ထားကြောင်း ၊စစ်ကောင်စီကလည်း လင်းသီ၊ ရွှေလှေ၊ ရှင်စောပြင်၊ ကွေ့ချောင်းနှင့် စီမံကိန်းဧရိယာအနီးသို့ တပ်ဖြန့်ထားသည့်အပြင် ဇီးကျွန်း၊ သဗြုချိုင်၊ မြင်းစိုင်းမော်၊ ပြင်ယောင်း စသည့် ကျေးရွာများဘက်သို့လည်း တပ်ဖြန့်ထားကြောင်း သိရှိရသည်။

“တပ်ဘက်ကတော့ အထိနာတိုင်း သံတွဲမြို့ပေါ်ကို ပြန်တက်ပြေးတာပဲ။ AA ကတော့ သံတွဲမြို့ ပတ်ပတ်လည်က ရွာတွေကို တဖြည်းဖြည်းတော့ သိမ်းလာနေတယ်” ဟု သံတွဲမှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

သံတွဲတိုက်ပွဲကြောင့် ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံပြည်သူ ၁၅၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုမှာ သံတွဲမြို့ပေါ်၌ တိမ်းရှောင်နေကြကြောင်း၊ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article