25 C
Yangon

အောင်လံတွင် အသက် ၂၇ နှစ်အရွယ် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သူကို စစ်မှုထမ်းရန် ဆင့်ခေါ်၊ ပဲခူးတွင် စစ်မှုထမ်းရန် ငြင်းဆိုသည့် လူငယ် ၇ ဦးနှင့် မိသားစုဝင် ၁၁ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်တွင် အသက် ၂၇ နှစ်အရွယ် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သူ လူငယ်တစ်ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်သဖြင့် မိသားစုမှာ အခက်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ မီးလောင်ပြင်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီးသည် အူမကြီးကင်ဆာ ဖြင့် လွန်ခဲ့သော လပိုင်းက ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်သွားပြီဖြစ်သော်လည်း မိသားစုက အိမ်ထောင် စုစာရင်းမှ သေဆုံးသူကို မထုတ်ရသေးကြောင်း၊ စစ်ကောင်စီက အိမ်ထောင်စုစာရင်းဖြင့် လူငယ်များကို ခေါ်ယူသောအခါ အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီး၏ အမည်ကိုပါ ထည့်သွင်း ဆင့်ခေါ်လာကြောင်း၊ မိသားစုက နာရေး ကြော်ငြာများဖြင့် ရှင်းလင်းတင်ပြသော်လည်း ဖိုးသောကြီး အစား အိမ်ရှိ လူငယ်တစ်ဦးကို စစ်မှုထမ်းအတွက် ထည့်သွင်းပေးရန် ပြောဆိုလာကြောင်း သိရှိရသည်။

“တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်၊ တပည့် ဦးပု၊ သူ့တပည့် ၀န၊ စိုးတင့်တို့က အရမ်းကို သောင်းကျန်းနေတာပါ။ ခေတ်သစ်မှာလည်း သတင်းတင်ပြီးသား။ လူငယ်တွေကို အကုန် အတင်းလိုက်ဖမ်းနေတာ။ တရောကုန်းရပ်ကွက်ဆိုရင်လူငယ်တွေထွက်ပြေးနေရပါတယ်။ တစ်အိမ်မှာမိသားစုလေးယောက်ရှိရင်ညီအစ်ကို‌နှစ်ယောက်လုံးကိုဆင့်စာနဲ့ခေါ်တာ။ သေ သွား တဲ့သူကိုတောင်စစ်မှူထမ်းပို့ခေါ်ပါတယ်။ အိမ်ထောင်စုစာရင်းမှာ သေတဲ့သူကိုမင်နီမတားဖြစ်သါ်ဘူးဆိုရင်စစ်မှူထမ်းဖို့ကိုခေါ်နေတာပါ။ အခုလာမယ့် ၁၅ရက်နေ့ဆင့်ခေါ်စာရထားတဲ့လူငယ်တွေကိုအကုန်လုံး‌ကိုအောင်မြေရွှေဝါခန်းမဆောင်ထဲကို လာဖို့ခေါ်ထားပါတယ်။ ရောက်မလာခဲ့ရင်စစ်တပ်နဲ့ ဖမ်းမယ်ပြောတယ်။ တရောကုန်းရပ်ကွက်ထဲမှာ အူမကြီးကင်ဆာနဲ့သေသွားတာ ၆‌လရှိပြီဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီးကိုပါ စစ်မှုထမ်းရမယ်ဆိုပြီး စာနဲ့ ဆင့်ခေါ်တယ်။ အူမကြီး ကင်ဆာနဲ့သေတဲ့သူက၆လရှိပြီလို့ပြောတာကိုလည်း မယုံဘူးပဲပြောပြီးတော့ လူတစ်ဦး အစားထိုးပေးဖို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်နှင့် မြန်မာနိုင်ငံ၏ လေကိုပင် မရှုရှိုက်ကြရန် အစည်းအဝေး ခေါ်ပြောဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက မေလ ၁၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

မကွေးတိုင်း၊ အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၂ စစ်သင်တန်းအတွက် လူရှာမရသဖြင့် ဒေသမှ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းရန် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ဖိအားပေးလျက်ရှိကြောင်း၊ အောင်လံမြို့ ၊တရော်ကုန်းရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က မေလ ၈ ရက်နေ့ရက်စွဲဖြင့် ရပ်ကွက်အတွင်း လူငယ်တစ်ဦးချင်းထံစာပို့ပြီး ရပ်ကွက်ရုံးသို့ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် ပြောဆိုကြောင်း၊ စစ်မှုထမ်းလိုပါက ငွေကြေးပေးဆောင်ရန် ဖိအားပေးကြောင်း၊ စစ်မှုလည်းမထမ်း၊ ငွေလည်း မပေးချင်ပါက မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန် ငွေညှစ်ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသအနောက်ပိုင်း၊ အုတ်ဖိုမြို့၊ ချမ်းမြသာမြေရပ်ကွက်တွင် စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲနေပြီး ထွက်ပြေးသည့် လူငယ်များကို ပြန်ခေါ်ပေးရန် မိဘများကို ဖိအားပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းရန် ငြင်းဆိုသည့် လူငယ် ၇ ဦးနှင့် မိဘဆွေမျိုး ၁၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ အတွက် လူငယ်တွေကိုအတင်း ပေါ်တာဆွဲနေပါတယ်။ စာရင်းကောက်ပြီး ရွေးချယ်နေတာမျိုးမဟုတ်ဘဲည ၁၂ နာရီကျော်လောက်မှ အိမ်ပေါ်အထိ အတင်းတက်ဆွဲပြီး တခါတည်း တိမ်မြုပ်မှာရှိတဲ့ ၆၆တပ်ထဲကိုပို့ပါတယ်။ တချို့လူငယ်တွေရှောင်နေကြတာကြောင့် မိဘနဲ့ဇနီးမယားတွေကို အုတ်ဖိုမြို့လ၀ကရုံးမှာ ခေါ်ထားပြီးတော့ လူငယ်တွေပြန်မလာရင် ၃နှစ်ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ လူငယ်တွေလည်း ၂ရက်အတွင်း ပြန်မလာရင်ဖမ်း၀ရမ်းနဲ့အတူပစ်မိန့်ပါပေးမယ်ဆိုပြီးခြောက်ခြောက်နေပါတယ်” ဟု ချမ်းမြသာမြေရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article