26 C
Yangon

မြန်မာနိုင်ငံ၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဟု ဂျပန်ရောက် KNU ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးတို့ ပြောဆို

Must read

မြန်မာနိုင်ငံ၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဟု ဂျပန်ရောက် KNU ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးတို့ ပြောဆို

■ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် NUG နှင့် တိုင်းရင်းသားများ ပူးတွဲဆောင်ရွက်နေပြီး စစ်ရာဇဝတ်မှုများအတွက် စစ်တပ်ကို အရေးယူမည်

ရန်ကုန်၊ မေ ၁၆

မြန်မာနိုင်ငံ၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း ဂျပန်နိုင်ငံရောက် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့က ဂျပန်သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF အတွင်းရေးမှူး Salai Thla Hei တို့ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ကြစဉ် ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

“တော်လှန်ရေးရဲ့ ရလဒ်အဖြစ် ကျနော်တို့အနေနဲ့ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ ကရင်ဒေသမှာ စစ်အာဏာမသိမ်းခင်ကတည်းက အစိုးရပုံစံနဲ့ အုပ်ချုပ်နေပါပြီ။ ပြည်သူလူထုတွေကိုယ်တိုင် အုပ်ချုပ်ရေးမှာ ပါဝင်ကြတာဖြစ်တယ်။ နောက်တစ်ခါ ကျနော်တို့အစိုးရအေဂျင်စီတွေလည်းရှိနေတယ်။ ခရိုင် ၁၇ ခုကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာတွေ ဖွဲ့စည်းပြီး စီမံအုပ်ချုပ်နေပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဂျပန် NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း မြန်မာနိုင်ငံ၏ ၆၅ ရာခိုင်နှုန်းကို ဒီမိုကရေစီ ထောက်ခံသော လက်နက်ကိုင်များက ထိန်းချုပ်ထားကြောင်း၊ နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို ဖိအားပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ စစ်ကောင်စီကို စစ်ရေးအရ ဖိအားတွေပေးထားပါတယ်။ ဂျပန် အပါအဝင် နိုင်ငံတကအာသိုင်းအ၀ိုင်းအနေနဲ့ စစ်ကောင်စီကို ပြင်ပ ဖိအားပေးတွေပေးဖို့ ကျနော်တို့ လိုအပ်နေပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

ထို့ပြင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဂျပန်အစိုးအနေဖြင့် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု အဖြစ် အသွင်ကူးပြောင်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ထွန်းရေးတို့တွင် ကူညီကြရန် မျှော်လင့်ကြောင်း၊ NUG နှင့်အတူ တိုင်းရင်းသားများက လက်တွဲ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စစ်ဘေးကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူ ၃ သန်းကျော်ကိုလည်း ဂျပန်အစိုးရနှင့် ပြည်သူများက ကူညီပေးကြရန် တောင်းဆိုသည်။

“ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဖက်ဒရယ်ကို အခြေ ခံတဲ့ ကောင်းမွန်တဲ့ နိုင်ငံအဖြစ် အသွင်ကူးပြောင်းချင်ပါတယ်။ စစ်တပ် အင် အားချိနဲ့နေတာ ရှင်းရှင်းလင်းလင်းကို မြင်နေရပါတယ် ” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ထို့အတူ မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရာတွင် အရပ်သားပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး ယန္တရားလည်း ဖွဲ့စည်းမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုသွားသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ ခူဦးရယ်နှင့်အတူ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၀၅ မိနစ်အချိန် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. KOMURA Masahiro ကိုသွားရောက်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။

Photo-NHK။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article