25 C
Yangon

တရုတ်ထုတ် စစ်သုံးမော်တော်ယာဥ်များ မြန်မာနိုင်ငံတွင် အကြီးအကျယ်ထုတ်လုပ်နေပြီး စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများတွင် ထိုယာဥ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေ

Must read

တရုတ်ထုတ် စစ်သုံးမော်တော်ယာဥ်များ မြန်မာနိုင်ငံတွင် အကြီးအကျယ်ထုတ်လုပ်နေပြီး စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများတွင် ထိုယာဥ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေ

မေ ၁၆၊ ၂၀၂၄

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ ဖိနှိပ်အကြမ်းဖက်မှုများတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ထုတ် ထရပ်ကားများက အဓိကအခန်းကဏ္ဍက ပါဝင်နေသည်ဟု C4ADS နှင့် JFM တို့ ပူးတွဲထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။

အဆိုပါထရပ်ကားများနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သည်၊ လက်နက်၊ ဆက်စပ်ပစ္စည်းများကို နိုင်ငံအနှံ့ သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။

Sinotruk စစ်သုံးမော်တော်ယာဥ်များကို တရုတ်နိုင်ငံမှ တင်သွင်းသည်သာမက မြန်မာနိုင်ငံတွင်လည်း တပ်ဆင်နေကြောင်း အထောက်အထားများစွာ တွေ့ရှိရသည်ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။

Sinotruk သည် မြန်မာစစ်အုပ်စုနှင့် စီးပွားရေး လုပ်ဆောင်ခဲ့ဖူးခြင်း မရှိကြောင်း သို့မဟုတ် စစ်တပ်ထံ ထရပ်ကားများ ရောင်းချခဲ့ဖူးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ သို့ရာတွင် လက်တလော သတင်းဖော်ပြမှုများနှင့် အများပြည်သူ လက်လှမ်းမီရရှိနိုင်သည့် သတင်းအချက်အလက်များအရ Sinotruk မော်တော်ယာဉ်များကို စစ်တပ်စစ်ဆင်ရေးများအတွင်း ကျယ်ပြန့်စွာအသုံးပြုနေကြောင်း ပြသနေသည်။

တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk မှ ထုတ်လုပ်သည့် ထရပ်ကားများသည် မြန်မာစစ်သည်များ သွားလာလှုပ်ရှားခြင်း၊ စစ်တပ်က အရပ်သားများအား တိုက်ခိုက်မှုတွင် ပါဝင်ခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးခံရသူများအား သယ်ယူပို့ဆောင်ခြင်း များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း Süddeutsche Zeitung သတင်းစာနှင့် Justice For Myanmar တို့က ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဖော်ထုတ်ရေးသားဖော်ပြခဲ့ဖူးသည်။

တရုတ် Sinotruk ကုမ္ပဏီတွင် ဂျာမန်ကုမ္ပဏီ Traton SE က ရင်းနှီးမြှုပ်နှံမှုများ ရှိသည်ဟု ဆိုသည်။ မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် Sinotruk ကုမ္ပဏီခွဲ Sinotruk (Hong Kong) ၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ဂျာမန်ကုမ္ပဏီ MAN SE သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း Traton SE ကုမ္ပဏီထံ ပေါင်းစည်းလိုက်သည့်အတွက် Sinotruk (Hong Kong) ၏အစုရှယ်ယာများ (၂၅ ရာခိုင်နှုန်း) ကို Traton ကစီမံခန့်ခွဲခွင့် ရရှိသွားခြင်း ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာအတွင်း ကောက်ချက်ချထားသည်။ တဖက်တွင်လည်း Traton သည် ဂျာမန်ကုမ္ပဏီ Volkswagen AG ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်နေပြန်သည်။

နိုင်ငံတကာတွင် ထရပ်ကားများနှင့် ထရပ်ကားပစ္စည်း အစိတ်အပိုင်းများကဲ့သို့သော စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများကို နောက်ဆုံးလက်ဝယ်အသုံးပြုသူသည် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ပါက ၎င်းပစ္စည်းများကို စစ်ဘက်သုံးပစ္စည်းအဖြစ် ကျယ်ပြန့်စွာ လက်ခံထားကြသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း အဓိကဆန္ဒပြသည့်နေရာ အများအပြားတွင် Sinotruk မော်တော်ယာဉ်များကို တွေ့ခဲ့သည် ဆိုသည့်မှတ်တမ်းများ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများရှိ ဆန္ဒပြပွဲများတွင် လူစုလူဝေးကို ဖြိုခွဲမည့် စစ်ကောင်စီတပ်သားများကို သယ်ဆောင်လာသော Sinotruk မော်တော်ယာဉ်များ၏ ဓာတ်ပုံများနှင့် ဗွီဒီယိုမှတ်တမ်းများကို ရရှိထားကြောင်း အစီရင်ခံစာက ဆိုသည်။

ယင်းမော်တော်ယာဉ်များသည် ဆန္ဒပြပွဲနေရာများသို့ စစ်သည်များ တင်ဆောင်လာပြီး၊ အဆိုပါစစ်သည်များက အရပ်သားဆန္ဒပြသူများအား ရိုက်နှက်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဆိုသည့် မှတ်တမ်းများ ရရှိထားကြောင်း Süddeutsche Zeitung သတင်းစာက သတင်းရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ၊ ကရင်နီပြည်နယ်အတွင်း စစ်ယာဉ်တန်းအား တိုက်ခိုက်မှုတွင် တော်လှန်ရေးစစ်သားများက ဖမ်းဆီးရမိခဲ့သည့် Sinotruk စစ်သုံးယာဉ်လေးစီးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြန်မာမီဒီယာများတွင် ဓတ်ပုံအသားပေး ရေးသားဖော်ပြခဲ့မှုများအပါအဝင် ဆိုရှယ်မီဒီယာများတွင် ယင်းSinotruk ယာဥ်များ နိုင်ငံတွင်း အသုံးပြုနေပုံများကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရသည် ဟုလည်း ဆိုထားသည်။

မကြာသေးမီက မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်းအားစုများက သိမ်းဆည်းရမိသည့် လက်နက် များအကြောင်း ဖော်ပြထားသော သတင်းများတွင် ပြည်တွင်းထုတ် Miltruk ထရပ်ကားများ အပါအဝင် Sinotruk မော်တော်ယာဉ်များသည် မြန်မာစစ်တပ်အတွက် အရေးပါသည့်ရင်းမြစ်များ ဖြစ်ကြောင်း ညွှန်ပြနေသည်။ Miltruk ယာဥ်သည် Sinotruk ၏ ထောက်ပံ့ကူညီမှုဖြင့် မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် စစ်သုံးထရပ်ကားဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော စစ်ပွဲများတွင် မော်တော်ယဉ် ဆုံးရှုံးမှုများကို စောင့်ကြည့်သည့် အွန်လိုင်းဘလော့ဘ် Armada Rotta တွင် တင်ထားသည့် အထောက်အထားများတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့အထိ စာရင်းများအရ တော်လှန်ရေးအင်အားစုများဘက်မှ Miltruk မော်တော်ယာဉ် ၇ စီး၊ Sinotruk မော်တော်ယာဉ် ၃၁ စီးနှင့် အကြမ်းဖက်ဖြိုခွင်းမှုများတွင် သုံးလေ့ရှိသော Sinotruk ရေသယ်ယာဉ် ၁ စီးတို့ကို ဖမ်းဆီး၊ ဖျက်ဆီး သို့မဟုတ် သိမ်းယူနိုင်ခဲ့ကြောင်း ရေးသားထားသည်။

Sinotruk သည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း၊ မြန်မာစစ်တပ်ထံ မော်တော်ယာဉ်များ မည်သည့်အခါမျှ ရောင်းချခဲ့ခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆိုထားသော်လည်း Sinotruk သည် မြန်မာစစ်တပ်နှင့် ကျယ်ပြန့်သည့် ဆက်ဆံရေးရှိပြီး၊ Sinotruk ယာဥ်များကို မြန်မာနိုင်ငံသို့ တင်ပို့သလို၊ နိုင်ငံတွင်းတွင် Miltruk နံမည်နှင့် ထုတ်လုပ်နေကြောင်းကိုလည်း လက်ရှိအထောက်အထားများက သက်သေပြနေသည်ဟု အစီရင်ခံစာက ဆိုသည်။

Sinotruk ကုမ္ပဏီသည် မော်တော်ယာဉ်စင်းလုံးလိုက် တင်ပို့သည့်အပြင် ထရပ်ကားပစ္စည်း အစိတ်အပိုင်းများကိုလည်း မြန်မာနိုင်ငံသို့ တင်ပို့ပြီး မြန်မာစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (OCDI)၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကဲမှုအောက်ရှိ စက်ရုံများတွင် Miltruk အမည်ဖြင့် တပ်ဆင်ထုတ်လုပ်သည်။

ရရှိထားသည့် ကုန်တင်ပို့မှု အချက်အလက် အထောက်အထားများအရ Sinotruk သည် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း စစ်တပ်ထံ အနည်းဆုံး ကုန်တင်ပို့မှု ၈ ကြိမ် ပေးပို့ခဲ့ကြောင်း ဖော်ပြနေသည်။ တင်ပို့သည့်ပစ္စည်းများတွင် အသင့်တပ်ဆင်နိုင်သည့် Sinotruk ပစ္စည်းအစိတ်အပိုင်းအစုံလိုက်များနှင့် ထရပ်ကားအစိတ်အပိုင်းများ ပါဝင်သည်။

ကုန်သွယ်မှု အချက်အလက်များအရ ယင်းပစ္စည်းတင်ပို့မှုများကို တရုတ်အစိုးရပိုင် China National Heavy Duty Truck Group က အလုံးစုံပိုင်ဆိုင်သော Sinotruk Import & Export Co., Ltd က တင်ပို့ခဲ့ကြောင်း ဖော်ပြနေသည်။ ဖော်ပြပါကုန်ပစ္စည်းများအား မြန်မာစစ်တပ်၏ OCDI နှင့် စစ်တပ် ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှုးရုံး တို့က လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းထုတ်လုပ်မှုများကို OCDI ၏ စီမံမှုလက်အောက်ရှိ စစ်တပ် (တပ်မတော်)၏ အကြီးစားစက်ရုံများ၌ လုပ်ဆောင်နေကြောင်း လူပုဂ္ဂိုလ်သတင်းရင်းမြစ်များအပေါ်အခြေခံ၍ အစီရင်ခံစာက ဆိုသည်။ တပ်မတော်အကြီးစားစက်ရုံများကို မြန်မာဘာသာဖြင့် တကစ ဟု ရည်ညွှန်းသုံးနှုန်းထားသည်။

OCDI သို့ တင်ပို့မှုများကို “CKD အစိတ်အပိုင်းများ” ဟု ဖော်ပြထားသည်။ အခြားပုံမှန် အစိတ်အပိုင်းများနှင့် မတူသည်မှာ CKD သည် တစ်စီးလုံးစာ အသင့်တပ်ဆင်နိုင်သည့် ပစ္စည်းအစိတ်အပိုင်း အစုံလိုက်များဖြစ်ပြီး၊ ပုံမှန်အားဖြင့် အင်ဂျင်မပါ ကျန်မော်တော်ယာဉ်တစ်ခုလုံးကို အစိတ်အပိုင်းများအဖြစ် အစုံလိုက်ပေးပို့ကာ၊ ဆိုက်ရောက်ရာနေရာတွင် ပြန်လည်တပ်ဆင်ရခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စစ်တပ် ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှုးရုံးထံ ပေးပို့သော Sinotruk ၏ မြောက်များစွာသော ကုန်တင်ပို့မှုများတွင် “truk parts [sic]” ဟု ရေးသားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမှတ် (၁) တပ်မတော်အကြီးစားစက်ရုံနှင့် အမှတ် (၂) တပ်မတော်အကြီးစားစက်ရုံတို့သည် Miltruk မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရာတွင် တိုက်ရိုက်သက်ဆိုင်သည့် စက်ရုံများဖြစ်ပြီး၊ စစ်သည်၊ ထောက်ပို့ပစ္စည်း၊ ဒုံးကျည်ပစ်စနစ်များ သယ်ယူပို့ဆောင်သည့် အမျိုးမျိုးသော ထရပ်ကားများနှင့် အရပ်ဘက်သုံး ဆီသယ်မော်တော်ယာဉ်များကိုလည်း ထုတ်လုပ်သည်။

၂၀၁၇ ခုနှစ်အတွင်းမှ လူမှုကွန်ယက်မီဒီယာပို့စ်များတွင် “စစ်တပ်သည် Sinotruk ထရပ်ကားများကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေကြောင်းနဲ့ ယင်းမော်တော်ယာဉ်များကို Miltruk နာမည်ဖြင့် အသုံးပြုနေကြောင်း” ရေးသားခြင်းများနှင့် Sinotruk နှင့် ဆက်နွှယ်နေသော ကုမ္ပဏီတစ်ခု၏ ၂၀၁၇ ခုနှစ်တွင်းက တွစ်တာပို့စ်တစ်ခုတွင်လည်း “တပ်ဆင်ပြီး SINOTRUK မြန်မာတပ်မတော်သားများနှင့်အတူ ယခုလစစ်ရေးပြပွဲတွင် ပွဲဦးထွက်မည်” ဟု နေပြည်တော်တွင် စစ်အုပ်စုကျင်းပမည့် နှစ်စဉ်စစ်ရေးပြပွဲကို ရည်ညွှန်းလျှက် ရေးသားခဲ့ခြင်းများသည် မြန်မာစစ်တပ်၊ တရုတ်ထရပ်ကား ကုမ္ပဏီ Sinotruk နှင့် ပြည်တွင်းထုတ် Miltruk အကြား ကြီးမားသည့် ဆက်နွှယ်မှုကို ပြသနေသည်။

စစ်တပ်ထုတ် မြဝတီသတင်းစာတွင် Miltruk မော်တော်ယာဉ်များထုတ်လုပ်မှုနှင့် ပတ်သက်ပြီး “တပ်မတော်အကြီးစားစက်ရုံများ၌ မော်တော်ယာဉ်ထုတ်လုပ်မှုကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်၏ လမ်းညွှန်မှုများနှင့်အညီ” လုပ်ဆောင်ကြောင်း ရေးသားခဲ့သည်။

ယင်းသို့အားဖြင့် Sinotruk ၏ မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်စေရန် ပံ့ပိုးပေးသည်။

Miltruk ထရပ်ကား ထုတ်လုပ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ အသင့်တပ်ဆင်ပစ္စည်းအစုများ ပေးပို့မှုများတွင် ကားအင်ဂျင်များ မပါဝင်သည့်အတွက် အမှတ် (၁) တပ်မတော်အကြီးစားစက်ရုံတွင် အပြီးသတ်တပ်ဆင်ခြင်းများ မလုပ်ဆောင်ခင်၊ အမှတ် (၂) တပ်မတော်အကြီးစားစက်ရုံတွင် အင်ဂျင်များ ထုတ်လုပ်စေကြောင်းနှင့် အဆိုပါအင်ဂျင်များကို တရုတ်ကုမ္ပဏီ Weichai ထံမှ လိုင်စင်ဖြင့် ထုတ်လုပ်ခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံစာအတွင်း ရေးသားဖော်ပြထားသည်။

တရုတ် Weichai ကုမ္ပဏီသည် ဒီဇယ်သုံး ကားအင်ဂျင်များကို တီထွင်ထုတ်လုပ်သူဖြစ်ပြီး၊ ယင်း၏ မိခင်ကုမ္ပဏီမှာ တရုတ်နိုင်ငံပိုင် နိုင်ငံစုံ စီးပွားရေးကုမ္ပဏီကြီး Shandong Heavy Industry ဖြစ်သည်။ Weichai သည် Sinotruk နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံပြီး၊ Sinotruk ထရပ်ကားများအတွက် လိုအပ်သော အင်ဂျင်များကို ရောင်းချပေးခြင်းဖြစ်သည်။ Weichai နှင့် Sinotruk ကုမ္ပဏီနှစ်ခုလုံး၏ ဥက္ကဌသည် Tan Xuguang ဆိုသူဖြစ်သည်။

များစွာသောသတင်းရင်းမြစ်များအရ မြန်မာစစ်တပ်သည် တပ်မတော်အကြီးစားစက်ရုံများတွင် တစ်နှစ်လျှင် မော်တော်ယာဉ် အစီးရေ ၃၀၀ ဝန်းကျင် ထုတ်လုပ်နိုင်သည့် ထရပ်ကား ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများနှင့် Sinotruk အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ၂၀၁၀-၂၀၁၂ ဝန်းကျင်မှစ၍ စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာစစ်တပ်နှင့် တရုတ်ကုမ္ပဏီ Sinotruk ၏ ထိတွေ့ဆက်ဆံမှုသည် မည်သို့ပင် မဟုတ်ကြောင်း ငြင်းဆိုမှုများ ရှိနေစေကာမူ Sinotruk သည် စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေဆဲ ဖြစ်သည်။ အလားတူ တရုတ်ကုမ္ပဏီ Sinotruk က ၎င်းတို့အနေဖြင့် မြန်မာစစ်တပ်နှင့် မည်သည့်အခါကမျှ စီးပွားရေးလုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း မည်သို့ပင်ငြင်းဆိုနေစေကာမူ Sinotruk သည် စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်တပ်၏ လက်အောက်ခံဌာနများစွာနှင့် တိုက်ရိုက်စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ကုန်တင်ပို့မှု အချက်အလက်များက သက်သေခံနေသည်ဟု အစီရင်ခံစာက ဆိုသည်.။

Sinotruk၊ Weichai အပါအဝင် တရုတ်ကုမ္ပဏီများနှင့် အခြားသက်ဆိုင်သူများသည် စစ်သုံး မော်တော်ယာဥ်များ မြန်မာစစ်အုပ်စုကို ပေးပို့ထုတ်လုပ်မှုများမှတဆင့် စစ်တပ်၏ မြန်မာနိုင်ငံအတွင်း စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအား ကူညီပံ့ပိုးပေးနေသဖြင့် ၄င်းရာဇဝတ်မှုများတွင် တာဝန်ရှိသည့်အလျောက် လက်ရှိ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားရေး မှန်သမျှကို အမြန်ဆုံး အဆုံးသတ်ရန် တောင်းဆိုကြောင်း JFM က ဆိုထားသည်။

ပုံစာ- မြန်မာနိုင်ငံတွင်း တွေ့ရသော တရုတ်ထုတ် Sinotruk နှင့် Miltruk ယာဥ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article