25 C
Yangon

စစ်ကောင်စီက KIA ၏ ထိုးစစ်ကို ကြောက်ရွံ့၍ မြစ်ကြီးနားမြို့ကို ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီး မြို့မှ ပြည်သူများ အထိတ်တလန့်ဖြစ်နေ

Must read

ရန်ကုန်၊ မေ ၂၁

အကြမ်းဖက်စစ်ကောင်စီက KIA ၏ ထိုးစစ်ကို ကြောက်ရွံ့၍ မြစ်ကြီးနားမြို့ကို ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီး မြို့မှ ပြည်သူများ အထိတ်တလန့်ဖြစ်နေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော KIA ဦးဆောင်သော တော်လှန်ရေးတပ်များ၏ ထိုးစစ်များက ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်လိုက်ပြီးနောက် ၀ိုင်းမော်မြို့ ပတ်ပတ်လည်တွင် KIA တပ်များက ၀ိုင်းထားကြောင်း၊ မကြာမီ ၀ိုင်းမော်မြို့သိမ်းတိုက်ပွဲဖြစ်လာပြီးလျှင် မြစ်ကြီးနားမြို့အထိ ထိုးစစ်များ ကျယ်ပြန့်လာမည်ကို စစ်ကောင်စီဘက်က စိုးရိမ်လာသဖြင့် မြို့ကို ပိတ်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“၀ိုင်းမော်မြို့သိမ်းတိုက်ပွဲ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ မြစ်ကြီးနားကိုလည်း စစ်တပ်က ကုန်းလမ်း၊ ရေလမ်းပိတ်မယ်ဆိုတာမျိုးလည်းကြားတယ်။ မြစ်ကြီးနား-၀ိုင်းမော်ကူးတဲ့ မြစ်ဆိပ် လှေဆိပ် တံတားတွေပါ ပိတ်မယ်လို့ ကြားနေရတယ်။မြစ်ကြီးနားမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲရှိပေမယ့် တချို့တွေကလည်း စိတ်ပူကြတယ်။ တချို့ကလည်း မပူကြဘူး။ ဘာတွေဖြစ်လာမလဲတော့ စောင့်ကြည့်ရမယ်” ဟု မြစ်ကြီးနားမြို့ပေါ် ပရဟိတလူမှုကူညီရေးအသင်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးကမူ လက်ရှိမြို့ပေါ်တွင် အေးအေးဆေးဆေးပုံမှန် အခြေအနေ ရှိသော်လည်း ၀ိုင်းမော်ဘက်မှ တိုက်ပွဲများ ကူးစက်လာနိုင်ခြေရှိသဖြင့် ပြည်သူများ စိုးရိမ်နေကြကြောင်း၊ မေလ ၁၈ ရက်နေ့ မြစ်ကြီးနားလေတပ် တိုက်ခိုက်ခံရမှုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြစ်ကြီးနားမြို့ပေါ် ပမ္မတီးရပ်ကွက်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြို့ပေါ်မှ ပြည်သူများမှာ မလုံခြုံမှုများ ခံစားနေရကြောင်း ပြောဆိုသည်။

“မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံးပစ်တဲ့နေ့က စစ်တပ်က လူနေရပ်ကွက်ကို တည်ပြီး ပစ်တာ မြို့ပေါ်က ပြည်သူတွေအကုန်ထိတ်လန့်ကုန်တယ်။ လူတွေက သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်နေရပေမယ့် ဘယ်တော့များ ပြေးရမလဲဆိုတာမျိုးကတော့ အမြဲစိုးရိမ်နေကြတယ်။ ကျီးလန့်စာစားနေရသလိုပဲ” ဟု မြစ်ကြီးနားမြို့ပေါ်မှ တည်းခိုခန်းပိုင်ရှင်က ဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လက်ရှိတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားပြီး မြို့သိမ်းတိုက်ပွဲများလည်း တောက်လျှောက်ဆိုသလို ဖော်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလ ၉ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်တွင် တိုက် ပွဲ ဖြစ်ပွားခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မေလ ၉ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်တွင် တိုက် ပွဲ ဖြစ်ပွားခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article