25 C
Yangon

စစ်ကောင်စီက ယခုနှစ် ပထမ ၄ လအတွင်း လေကြာင်းတိုက်ခိုက်မှု ၈၁၉ ခုလုပ်ဆောင်ခဲ့ပြီး ပြည်သူ ၃၅၉ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကောင်စီက ယခုနှစ် ပထမ ၄ လအတွင်း အရပ်သားပြည်သူများအပေါ် လေကြာင်းတိုက်ခိုက်မှု ၈၁၉ ခု လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၃၅၉ ဦးသေဆုံးကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၄ လတာ ကာလအတွင်း လေကြောင်းနှင့် တိုက်ခိုက်မှုဖြစ်စဉ် ၈၁၉ ခု ၊ အကြိမ်ရေ ၂၅၆၇ ကြိမ်အထိလုပ်ဆောင်ခဲ့ပြီး တစ်ရက်လျှင် ပျှမ်းမျှ အနည်းဆုံး ၆ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ၄ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၅၉ ဦး သေဆုံးကာ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုကို ရခိုင်ပြည်နယ်တွင် ၁၈၇ ခုဖြင့် အများဆုံး လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၉ ခု၊ ကချင်ပြည်နယ်တွင် ၉၂ ခု၊ ကရင်ပြည်နယ်တွင် ၉၁ ခုနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၈၀ ခုခန့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၄ လတာ ကာလအတွင်း ရှမ်းပြည်တောင်ပိုင်းတွင်လည်း လေကြောင်း တိုက်ခိုက်မှု ၆၉ ခု၊ ချင်းပြည်နယ်တွင် ၅၉ ခု၊ ပဲခူးတိုင်းတွင် ၂၉ ခု၊ ကရင်နီတွင် ၂၆ ခု၊ တနင်္သာရီတိုင်းတွင် ၂၄ ခု၊ မကွေးတိုင်းတွင် ၁၇ ခုနှင့် မန္တလေးတိုင်းတွင် ၉ ခုခန့် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အနေဖြင့် တစ်ရက်အတွင်း နေရာတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျှင် ဖြစ်စဉ် ၁ ခု ဟု သတ်မှတ်ပြီး ဖြစ်စဉ် ၁ ခုအတွက် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်ကို တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများတွင် ‌ဖော်ပြထားမှုများကို ကောက်ယူထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၅၉ ဦး သေဆုံး၍ ဒဏ်ရာရသူ ၇၅၆ ဦး ရှိသည့်အပြင် ဘာသာရေးအဆောက်အအုံ ၅၀ ခု၊ စာသင်ကျောင်း ၃၈ ကျောင်းနှင့် ဆေးရုံ ဆေးခန်း ၁၁ ခုတို့ အနည်းဆုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ်များ၊ ယာဉ်များ၊ ကျွဲ နွား တိရစ္ဆာများနှင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိ‌ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့အတူ အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာ ကာလအတွင်း ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ မတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကနီမြို့၊ မတ်လ ၆ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၊ ဧပြီ ၁၈၊ ၁၉၊ ၂၀ ရက်နေ့များတွင် ကရင်ပြည် နယ် ကော့ကရိတ်မြို့များကို ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသပြည်သူများ၏ ပြောဆိုမှုများကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ ရက်ပေါင်း ၁၁၈၅ ရက်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခဲ့သည့် ရက် စုစုပေါင်း ၆၉၂ ရက် ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ၂၄၇၁ ခု ရှိခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးမှုမှာလည်း ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလ အထိ စုစုပေါင်း ၁၂၉၅ ဦးအထိ ရှိခဲ့ကာ ပြည်သူ စုစုပေါင်း ၁၆၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုနေတသနအဖွဲ့က ပြောဆိုသည်။

ထို့ပြင် အာဏာစသိမ်းစဉ်မှ စ၍ ၂၀၂၄ ခုနှစ် ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၁၈၇ ၊ စာသင်ကျောင်း ၁၁၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၃၉ ခုအထိ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article