25 C
Yangon

Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၆၀ ကျပ်အထိ စံချိန်တင် စျေးတက်လာသဖြင့် ရွှေစျေးနှုန်းမှာ ၅၃ သိန်း ၇ သောင်းအထိ စံချိန်တင် စျေးထိုးတက်

Must read

မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမရတော့၍ ရွှေစျေးကွက်တွင် မီးလင်းရွှေ ထုတ်ရောင်းသူနည်းပါးနေပြီး ဝယ်လိုသူအလွန်များပြား

ရန်ကုန်၊ မေ ၂၈

မြန်မာ့စီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းသည် စံချိန်တင် စျေးမြင့်တက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၃၆၀ ကျပ်အထိ စံချိန်တင် စျေးနှုန်းမြင့်တက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မနေ့က အရွက်စျေး (အမေရိကန်ဒေါ်လာ) က တစ်ဒေါ်လာကို ၄၂၂၀ နဲ့ပိတ်တာ။ ဒီမနက်တော့ စျေးဖွင့်တော့ ၄၃၀၀နဲ့ ဖွင့်တယ်။ အခု ၄၃၅၀ ကျပ်ဖြစ်နေတယ်။ မြန်မာကျပ်ငွေထိုးကျတာကတော့ ထိန်းလို့ကို မရတော့ဘူး” ဟု ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားငွေ လက်ကြီးဒိုင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေစျေးနှုန်းမှာလည်း ထပ်မံ စံချိန်တင်မြင့်တက်လာရာ ယခုလက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်း ၇ သောင်းကျပ်စျေးရှိကြောင်း၊ ရောင်းသူနည်းပြီး ဝယ်လိုအား အလွန်များပြားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ရွှေဆိုင်ကြီးတွေတော့ အခေါက်ရွှေ မရောင်းတော့ဘူး။ လက်ဝတ်ရတနာ ဖြတ်စတွေပဲ ရောင်းတော့တယ်။ ရန်ကုန်ရွှေစျေးကွက်မှာလည်း မီးလင်းရွှေအတုံးတွေ ဝယ်မရဘူး။ ဘယ်သူမှ သိပ်ထုတ်မရောင်းတော့ဘူး။ အဝယ်ကတော့များတယ်။ ရွှေအတုံးမရတော့ လက်ဝတ်လက်စားနဲ့ ဖြတ်စတွေဘက် ပြုံတိုးဝယ်ကြတယ်။ စျေးကွက်တွေကလည်း အဖမ်းအဆီးများမှာ ကြောက်တော့ အကုန်လုံးက စောင့်ကြည့် ခပ်ဝေးဝေးနေပဲ။ နေ့တိုင်း စျေးတွေက စံချိန်တင်နေတယ်လို့ ပြောလို့ရတယ်” ဟု ရန်ကုန်ရွှေလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေရခြင်းမှာ စစ်ကောင်စီထံတွင် ပြည်ပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိတော့ခြင်း၊ ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ ထုတ်ရောင်းမှု မရှိတော့ခြင်း၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအားလုံး စစ်ပွဲများကြောင့် လုံး၀ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီက စစ်သားအသစ် ၅၀၀၀ လစဉ်ခေါ်ယူပြီး စစ်အသုံးစရိတ် တိုးမြှင့်နေခြင်း ၊ စစ်ကောင်စီဗဟိုဘဏ်ကလည်း ဘတ်ဂျက်အတွက် လိုအပ်သမျှ ငွေများနှင့် စစ်တပ်အတွက် ငွေလိုအပ်ချက်များကို ငွေစက္ကူသစ်များစွာ ရိုက်ထုတ်၍ ဖြေရှင်းနေခြင်းတို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ထိန်းမနိုင် သိမ်းမရ ကျဆင်းနေခြင်းဖြစ်ကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

“ဒီအခြေအနေကို ဆိုက်လာမယ်ဆိုတာ ခေတ်သစ်မှာ ကျနော် ၂၀၂၂ ခုနှစ်ကတည်းက ပြောခဲ့တာ။ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ဖြစ်မယ်ဆိုတာ ၂၀၂၂ ခုနှစ်မှာ ကျနော် သတိပေးခဲ့ပါတယ်။ အခု တစ်ဒေါ်လာကို ၄၃၅၀ ဆိုတော့ ၅၀၀၀ ဖြစ်ဖို့က မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ အိမ်တစ်အိမ်လိုပေါ့။ ဘာမှ ဝင်ငွေမရှိဘဲ ရှိတာ ထိုင်စားတော့ ကြာတော့ မခံနိုင်ဘဲ မွဲလာတာ။ ကျပ်ငွေ တန်ဖိုးထိုးကျတာက တစ်နိုင်ငံလုံး ဆင်းရဲမွဲတေလာတာပဲ။ ဒီအခြေအနေကို ဖြေရှင်းဖို့ ထွက်ပေါက်က နိုင်ငံရေးပဲ။ ဒီအခြေအနေအထိ ရောက်လာတာကလည်း နိုင်ငံရေးမကောင်းလို့ပဲ။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင်တော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိပါတယ် ” ဟု UMFCCI စီးပွားရေးသမားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article