25 C
Yangon

စစ်ကောင်စီက စစ်အသုံးစရိတ်နှင့် လုံခြုံရေးစရိတ်ကို ဦးစားပေးတိုးမြှင့်မှု နောက်ဆက်တွဲ ကျပ်ငွေတန်ဖိုး ထိုးကျကာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၀၀ အထိ ရက်ပိုင်းအတွင်း ရောက်ရှိနိုင်

Must read

စစ်ကောင်စီက စစ်အသုံးစရိတ်နှင့် လုံခြုံရေးစရိတ်ကို ဦးစားပေးတိုးမြှင့်မှု နောက်ဆက်တွဲ ကျပ်ငွေတန်ဖိုး ထိုးကျကာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၀၀ အထိ ရက်ပိုင်းအတွင်း ရောက်ရှိနိုင်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက စစ်အသုံးစရိတ်နှင့် လုံခြုံရေးစရိတ်ကို အရေးပေါ် ဦးစားပေးတိုးမြှင့်မှု၏ နောက် ဆက်တွဲ ကျပ်ငွေတန်ဖိုး ထိုးကျကာ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၅၀၀၀ အထိ ရက်ပိုင်းအတွင်း ရောက်ရှိနိုင်ကြောင်း ရန်ကုန်စီးပွားရေးအသိုက်အ၀ိုင်းက သုံးသပ်ပြောဆိုသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဝန်ကြီးဌာနအလိုက် အသုံးစရိတ်များကို စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမပြုခဲ့ဘဲ နေပြည်တော်တွင် မတ်လ ၂၂ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲ ရန်ရှိပြီး အရေးပေါ်ရန်ပုံငွေကိုလည်း တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ယမန်နှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းကပင် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန်း ( ကျပ်ငွေ ၅၆၃၅ ဘီလီယံကျော်) သုံးစွဲရန် လျာထားပြီး လက်တွေ့တွင် အဆိုပါပမာဏထက် ပိုမို သုံးစွဲခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည် ထောင်စု ၏ဘဏ္ဍာငွေရငွေအနေဖြင့် ငွေကျပ် ၂၅၃၆၄ ဘီလျံကျော်အောက်သာရရှိခဲ့ပြီး သုံးငွေအနေဖြင့် ငွေကျပ် ၃၃၁၇၅ ဘီလျံကျော် ပိုမို သုံးစွဲခဲ့ကြောင်း၊ စစ်ကောင်စီတွင် ဘတ်ဂျက်လိုငွေပြမှု ဘီလီယံကျပ်ငွေ ၇၈၁၁ ရှိခဲ့ကြောင်း သိရှိရသည်။

“စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှု အရမ်းတက်လာတယ်။ အာဏာသိမ်းပြီး ဘတ်ဂျက်လိုငွေပြမှု ငွေကျပ် ဘီလီယံ ၈၀၀၀ နီးပါးကနေ အခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်နဲ့ လုံခြုံရေးစရိတ်ကို ဆတိုး ထပ်တိုးတယ်။ မနှစ်(၂၀၂၃-၂၀၂၄ ခုနှစ်) က ကာကွယ်ရေးအသုံးစရိတ်ငွေကျပ် ဘီလီယံ ၅၆၃၅ ဘီလီယံသုံးတယ်။ ဒီနှစ် ၂၀၂၄-၂၀၂၅ မှာ မနှစ်က ကာကွယ်ရေးအသုံးစရိတ် ပမာဏာထက် ဆတိုးပိုများတဲ့အပြင် ဘတ်ဂျက်လိုငွေပြမှုကလည်း ဘီလီယံကျပ်ငွေ တစ်သောင်းကျော်လောက်အထိ ဖြစ်လာတယ်။ ရငွေနဲ့ သုံးငွေမှာ သုံးငွေက အရမ်းကြီးမားတဲ့အတွက် ဘတ်ဂျက်လိုငွေပြမှု ဘီလီယံ ၁၀၀၀၀ ကျော်အထိကိုဖြစ်လာတယ်။ နောက်တစ်ခုက ဘတ်ဂျက်မှာ လျာထားတဲ့ပမာဏထက် ဒေါ်လာတန်ဖိုးက မာနေတော့ အသုံးစရိတ်တွေက ပိုပြီး တိုးလာမယ့် အခြေအနေမျိုး မြင်ရတယ်။ ဘတ်ဂျက်လိုငွေအရမ်းများတော့ ကျပ်ငွေတွေရိုက်ထုတ်တာကလွဲပြီး ဘာမှ လုပ်မရတော့ ကျပ်ငွေတန်ဖိုးထိုးကျမှုက အဓိက အကြောင်းအရင်းတစ်ရပ်လို့ ပြောလို့ရတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီထံတွင် ပြည်ပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့် နိုင်ငံ ခြားငွေ ရရှိမှု အလွန်နည်းပါးလာနေကြောင်း၊ ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ ထုတ်ရောင်းမှု မရှိတော့ခြင်း၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအားလုံး စစ်ပွဲများကြောင့် လုံး၀ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီက စစ်သားအသစ် ၅၀၀၀ ဦး လစဉ်ခေါ်ယူပြီး စစ်အသုံးစရိတ် တိုးမြှင့်နေခြင်း အပါအဝင် ကာကွယ်ရေးအသုံးစရိတ်ကို ကိန်းရှင်ဖြင့် သုံးစွဲနေခြင်းတို့ကြောင့် စစ်ကောင်စီဗဟိုဘဏ်ကလည်း ဘတ်ဂျက်အတွက် လိုအပ်သမျှ ငွေများနှင့် စစ်တပ်အတွက် ငွေလိုအပ်ချက်များကို ငွေစက္ကူသစ်များစွာ ရိုက်ထုတ်၍ ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ထိန်းမနိုင် သိမ်းမရ ကျဆင်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဘာမြင်ရလဲဆိုရင် ဘတ်ဂျက်လိုငွေပြမှုအရမ်းကြီးလာချိန်မှာ နိုင်ငံတော်ရငွေဆိုတာက မသေချာတော့ဘူး။ ဥပမာ- အရင်တုန်းက နိုင်ငံတော်ရငွေက နယ်စပ်ကုန်သွယ်ရေးတွေဘက်က တွက်လို့ရတယ်။ ဒါပေမယ့် ၁၀၂၇ ပြီးသွားတဲ့အချိန်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလုံး၀ ရပ်သွားတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံကျော်လောက်ရနေတာ။ နောက်တစ်ခါ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးထပ်ရပ်သွားတယ်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးကလည်း ဒေါ်လာ ၂ ဘီလီယံလောက်ဝင်နေတာ။ အဲဒီတော့ နိုင်ငံတော် ရငွေမှာ ထက်ဝက်ကျော် ခေါက်ချိုးကျဆင်းသွားမယ့်အနေအထားရှိတယ်။ ရငွေက လုံး၀ မသေချာတော့ပေမယ့် သုံးငွေက များနေတော့ ငွေစက္ကူရိုက်ထုတ်တာကလွဲရင် ဘာမှ နည်းလမ်းမရှိဘူးလေ” ဟု ၎င်းက ပြောဆိုသည်။

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှု အခြေအနေကို လေ့လာရာတွင် မေလဆန်းပိုင်းအထိ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၉၉၀ ကျပ်ဝန်းကျင်တွင် လပေါင်းများစွာ တည်ငြိမ်ခဲ့ကြောင်း၊ သို့ရာတွင် မေလ ၁၅ ရက်နေ့ပိုင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ တဟုန်ထိုးမြင့်တက်လာကြောင်း အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေလက်ကြီးဒိုင်တစ်ဦးက ဆိုသည်။

“မေလ ၁၃ ရက်နေ့ အထိကို တစ်ဒေါ်လာ ၃၉၉၀ ဝန်းကျင်နဲ့ ငြိမ်နေတုန်း။ နောက်ပိုင်းမှာ တစ်နေ့ကို ၃၀၊ ၅၀ ၁၀၀ အထိ တအိအိတက်လာပြီးမှ အခုကတော့ မှန်းမရတော့တာ။ ဥပမာ- မေလ ၂၇ ရက်နေ့က အမေရိကန်ဒေါ်လာ ၄၂၅၀ လောက်နဲ့ အလုပ် ဖြစ်တယ်။ ဒါပေမယ့် မေလ ၂၈ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၄၄၀၀ အထိ ထိုးတက်သွားတယ်။ မတည်မငြိမ်အခြေအနေဖြစ်နေတယ်” ဟု အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေ လက်ကြီးဒိုင်က ဆိုသည်။

လက်ရှိ ဘဏ္ဍာရေးအခြေအနေများအရ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၀၀ စျေးနှုန်းမှာ မကြာမီ ရောက်ရှိရန် သေချာသလောက်ဖြစ်နေကြောင်း UMFCCI မှ စီးပွားရေးသမားနှင့် ဒေါ်လာလက်ကြီးဒိုင်က အမြင်တူစွာ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article