25 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ပုဂံလာရောက်ပြီးနောက် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခံရ

Must read

အကြမ်းဖက် မင်းအောင်လှိုင် ပုဂံလာရောက်ပြီးနောက် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခံရ

■ ပုဂံ ထီးလိုမင်းလိုဘုရားတွင် မင်းအောင်လှိုင်က ယတြာချေခဲ့ပြီး ပုဂံညောင်ဦးရှိ တိမ်ကောနေသော ရေကန်မှန်သမျှ ပြန် ဆယ်ခိုင်းသည့် ယတြာ ပြုလုပ်သွားဟုဆို

ရန်ကုန်၊ ဇွန် ၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုဂံမြို့သို့ လာရောက်ပြီးနောက် ပုဂံမြို့သစ်၊ မြို့လယ်ဘုရားအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ယမန်နေ့ညပိုင်းတွင် လျှပ်စစ်မီးများ ဖြတ်တောက်၍ ဒေသအာဏာပိုင်များက ဖယ်ရှား ရှင်းလင်းသွားကြောင်း တပ်သတင်းရင်းမြစ်နှင့်ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

မေလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကြူကြူလှတို့က ပုဂံ၊ ညောင်ဦးသို့ လာရောက်ခဲ့ကြောင်း၊ ယင်းသို့ လာရောက်စဉ် ပုဂံထီးလိုမင်းလိုဘုရားတွင် ယတြာချေခြင်း၊ ရွှေစင် ၅၀ ကျပ်သား လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ပုဂံမြို့သစ်သို့ လှည့်ပတ်ကြည့်ရှုသွားခဲ့ကြောင်း၊ မေလ ၃၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ပုဂံမြို့သစ်၊ မြို့လယ်ဘုရားအနီးရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၁၁ နာရီလောက်မှာ မီးတွေဖြတ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သယ်သွားတယ်။ အဲဒီအနားမှာ ရှင်းလင်းပြီး အလှပန်းအိုးတွေချသန့်ရှင်းရေးတွေ လုပ်တယ်။ မနေ့ညနေ ဝန်ထမ်းတွေ အုပ်လိုက်လာကြည့်ပြီးမှ ညပိုင်းမီးဖြတ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သယ်သွားတာ။ အခု ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်က ဘယ်ကို ရောက်သွားမှန်းကိုမသိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါဗိုလ်ချုပ်ကြေးရုပ်သည် ၂၀၁၅ ခုနှစ်တွင် NLD က ဦးစီး၍ စိုက်ထူခဲ့သော ကြေးရုပ်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်သည် ပုဂံမြို့သို့ရောက်ရှိစဉ် ထီးလိုမင်းလိုဘုရားတွင် ယတြာချေမှုများပြုလုပ်ပြီးနောက် ပုဂံနှင့်ညောင်ဦးတွင် ရှိသောတိမ်ကောနေသည့် ရေကန်များအားလုံး ဆယ်ယူရန် မင်းအောင်လှိုင်က ယတြာအဖြစ် အမိန့်ပေးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

“ထီးလိုမင်းလိုဘုရားမှာ သူက ရွှေစင်တွေလှူတယ်။ ယတြာတွေချေတယ်။ ပြီးတော့ ပုဂံညောင်ဦးမှာရှိတဲ့ ရေကန်တွေသမျှ အကုန်ဆယ်ခိုင်းတာ။ ချိုင့်ခွက်လောက်ရှိတဲ့ ကန်တောင် ဆယ်ခိုင်းတာ။ ကန်ဆယ်တာဆိုတော့ အညံ့ ပျောက်ဖို့ လုပ်တဲ့ယတြာမျိုးလို့ ပြောတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- မေလ ၂၆ ရက်နေ့ ပုဂံ ထီးလိုမင်းလိုဘုရားတွင် ရွှေစင် ၅၀ ကျပ်သားလှူဒါန်းယတြာချေနေသော မင်းအောင်လှိုင် နှင့် ၂၀၁၅ ခုနှစ် ပုဂံမြို့လယ်တွင် ထားရှိခဲ့သော ဗိုလ်ချုပ်ကြေးရုပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article