25 C
Yangon

မြန်မာနိုင်ငံ၏ အဓိက ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားမှု ပြည်တွင်းရွှေစျေးကွက် လုံး၀ ပြိုကျပျက်စီးသွား

Must read

မီးလင်းရွှေမှောင်ခိုစျေးကွက် ဖြစ်ပေါ်လာပြီး ကျပ်ငွေအပေါ် အယုံအကြည်မဲ့မှုများ တိုးပွားကာ မြန်မာငွေတန်ဖိုး ထိုးကျနိုင်ဟု သုံးသပ်

ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံ၏ အဓိက ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့ ညပိုင်းဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားမှု ပြည်တွင်းရွှေစျေးကွက် လုံး၀ ပြိုကျပျက်စီးသွားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၉ သိန်းသို့ ရောက်ရှိလာချိန် စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)နှင့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)တို့က ရွှေကုန်သည်နှင့်ဝယ်ရောင်း ၂၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံစျေးကွက်၏ အဓိက လက်ကြီးသမားများဖြစ်သော ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း၊ အဆိုပါ ဖမ်း၀ရမ်းထုတ် မှုကြောင့် ညတွင်းချင်းပင် ရန်ကုန်နှင့်မန္တလေးမှ ရွှေကုန်သည်တချို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ အလုပ်များ ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“တစ်နေ့ သိန်း ၁၀၀၀ ဝင်မယ်ဆိုရင်တော့ ဘယ်ရွှေကုန်သည်နဲ့ရွှေဆိုင်မှ အလုပ်မလုပ်ရဲတော့ဘူး။ ဈေးကွက်ကရွှေစျေးဆိုတာမျိုး သတ်မှတ်လို့မရတော့ဘဲ မှောင်ခို ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ပြီး ရောင်းခက် ဝယ်ခက်ဖြစ်သွားမယ်။
နောက်ဆက်တွဲမှာ စျေးထိုးတက်မယ်။ ကျပ်ငွေအပေါ် အယုံအကြည်မဲ့တာပိုများလာမယ်။ ကောင်း ရောင်း ကောင်းဝယ်လုပ်စားလည်း အချိန်မရွေး ကိုယ်ရှာထားတဲ့ငွေ ကိုယ့်ပိုင်ဆိုင်မှုတွေက အသိမ်းခံရပြီး ၀ရမ်းပြေးဖြစ်သွားနိုင်တော့ ကိုယ့်ရဲ့ချမ်းသာမှုတွေကို ခိုင်မာတဲ့နေရာတွေဆီ ရွှေ့ဖို့ အားလုံးက လုပ်ကြမှာပဲ” ဟု မန္တလေးအခြေစိုက် ရွှေကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။

လက်ရှိ ရွှေစျေးကွက်တွင်ဖြစ်ပေါ်ခဲ့သော အခြေအနေများသည် ရွှေကုန်သည်များနှင့် ရွှေဆိုင်များ၏ စျေးကစားမှု ကြောင့်မဟုတ်ဘဲ စျေးကွက်၏ သဘောတရား ရောင်းလိုအားနှင့်ဝယ်လိုအားအပေါ် မူတည်၍ စျေးအတက် အကျ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် စစ်တပ်က စျေးကွက်စီးပွားရေး၏ သဘောတရားနှင့် စျေးကွက်၏ လွတ်လပ်မှုကို ရှင်သန်ခွင့်မပေးတော့သည့်အခြေအနေဖြစ်ကြောင်း ၊ မေလ ၃၀ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၉ သိန်းနှင့် အမေရိကန်တစ်ဒေါ်လာ ၅၀၁၀ ကျပ်ဖြစ်ပေါ်ခဲ့ခြင်းမှာ စျေးကွက်၏ သဘောတရား အရပင်ဖြစ်ပြီး မည်သည့်ရွှေကုန်သည်ကမှ စျေးကစားခဲ့၍ မဟုတ်ကြောင်း ရန်ကုန်နှင့်မန္တလေး ရွှေကုန်သည်များက ပြောဆိုကြသည်။

“မြန်မာငွေတန်ဖိုးကျလာတာနဲ့အမျှ ရွှေဝယ်စုတာပိုများလာတယ် ချမ်းသာလို့စုတာမဟုတ်ဘဲ ချွေးနည်းစာလေးတွေပျောက်ပျက်သွားမှာစိတ်ပူလို့စုတဲ့သူပိုများတယ်။ နောက်တစ်ခါ ငွေတွေ အရမ်းရိုက်ထုတ်နေတာလည်း မြင်သာထင်သာရှိနေတော့ အားလုံးက စိတ်ပူကြတယ်။ အရင်ကတော့ ဘဏ်တွေမှာ ငွေအပ်ကြပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက ဘဏ်ကိုငွေမအပ်ချင်ကြတော့ ရွှေ၊ ဒေါ်လာ၊ ခြံ အိမ် ဒါတွေပဲဝယ်တော့တယ်။ ဒါက သာမန်ပြည်သူကအစ စီးပွားရေးသမားအဆုံး အဲဒီလိုဖြစ်နေတာပါ။ အဲ့ဒီထဲမှာ ဝယ်လို့လွယ်တာ သိမ်းဆည်းလွယ်တာ ရောင်းဖို့လွယ်တာ ရွှေပဲဆိုတော့ အဝယ်များတယ် ကမ္ဘာ့ရွှေဈေးတက်တာရယ် အဝယ်များတာရယ် ကျပ်ငွေ မခိုင်မာမှုရယ်တွေကြောင့် ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ ထိုးတက်ခဲ့တာပါ။ ရောင်းမယ့်သူက တစ်ယောက်ရှိရင် ဝယ်မယ့်သူက ဆယ်ယောက်ဖြစ်နေတဲ့အချိန်မှာ ရောင်းမယ့်သူခေါ်တဲ့ဈေးဖြစ်တာ မဆန်းပါဘူး” ဟု ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရွှေစျေးနှင့်ဒေါ်လာစျေး မြင့်တက်လာခြင်း၏ နောက်ကွယ်တွင် အဓိက စျေးနှုန်းကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်စေရန် လုပ်ဆောင်နိုင်သော အဝယ်၊ အရောင်းများမှာ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသော စီးပွားရေးသမားများနှင့် စစ်တပ်အသိုင်းအ၀ိုင်း၏ အဝယ်အရောင်းက အဓိက ဖြစ်ကြောင်း၊ အကယ်၍ စစ်ကောင်စီအနေဖြင့် ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်စေသူများကို ဖမ်းဆီးလိုပါက စစ်တပ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းနှင့် တပ်၏ မိတ်ဘက် စီးပွားရေးသမားများကို အရေးယူရမည်ဟု ရွှေအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

“မြန်မာနိုင်ငံမှာ ရွှေဈေး ငွေဈေးပြောင်းလောက်အောင် အရင်းအနှီးနဲ့ ဆော့နိုင်တာ လူတန်းစားတစ်ရပ်ပဲရှိတယ်။ အဲဒါ တပ်နဲ့ပတ်သက်နေတဲ့ အသိုင်းအ၀ိုင်းပဲ။ ပုံမှန်ရွှေသမားဆိုတာ အရောင်းအဝယ်ကမြတ်တဲ့အမြတ်ကိုပဲမက်ကြတာ။ အခုအဖမ်းအဆီးမှာ ရွှေဈေးတက်တော့ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေမှာ ပျော်တဲ့သူမရှိဘူး။ ရွှေကုန်သည်နဲ့ ရွှေဆိုင်ဆိုတာက ပုံမှန်အရောင်းအဝယ်လေးနဲ့ နေ့စဉ် ရောင်းဝယ် ရှေ့ဆက်ချင်ကြသူချည်းပဲ။ အလိုကြီးရင်အရနည်းတာ အကုန်သိကြတာပဲ” ဟု ရွှေကုန်သည်က ရှင်းပြသည်။

စစ်ကောင်စီက မြန်မာကျပ်ငွေများ မဆင်မခြင် ဆက်တိုက် ရိုက်ထုတ်နေခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများ မရှိတော့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်ဆိုင်း၍ နိုင်ငံခြားငွေ မရတော့ခြင်း၊ တိုင်း ပြည် ၏ ဘတ်ဂျက်လိုငွေပြ အလွန်အမင်းကြီးမားလာခြင်း စသည့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာ သော ရွှေစျေးနှင့် ဒေါ်လာစျေး တက်ခြင်းကို ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးပြခြင်းနှင့် ၀ရမ်းထုတ် ပြခြင်းဖြင့် ၎င်းတို့၏ အပြစ်ကို ရှောင်လွဲနေခြင်းဖြစ်သည်ဟု ရွှေအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

“စစ်တပ်ရဲ့ စောက်သုံးမကျတာ၊ မစီမံတတ်လို့ ဖြစ်လာတာကို စစ်ဗိုလ်ချုပ်တွေရဲ့ စောက်ပြစ်ကို ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကို ထိုးချတာ။ ဘယ်လိုအခြေအနေကြောင့် တိုင်းပြည်ရဲ့ ငွေကြေး တန်ဖိုးကျလဲဆိုတာ အားလုံးသိနေကြတာကို ရွှေအသိုင်းအဝိုင်းကို ဖြိုချ ဖျက်ဆီးခံရတာ။ ဓားစာခံ လုပ်ခံရတာ” ဟု ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့် ရွှေစျေးကွက်တစ်ခုလုံး ပျက်စီးသွားသည့်အပြင် ကျပ်ငွေတန်ဖိုး ထိုးကျမှုသည်လည်း ပို၍ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျပ်ငွေအပေါ် အယုံအကြည်ကင်းမဲ့ကာ မီးလင်းရွှေ မှောင်ခို စျေးကွက်လည်း ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောဆိုကြသည်။

ပြည်တွင်းတွင် မေလ ၃၀ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၅၉ သိန်းအထိ မြင့်တက်သွားချိန်တွင် စစ်ကောင်စီက ရွှေကုန်သည်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ယမန်နေ့ ညပိုင်း ဖမ်း၀ရမ်းထုတ်ခဲ့သည်။

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်သူများတွင်

၁ – အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း။
၂ – ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း။
၃ – အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း။
၄ – ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်။
၅ – စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း။
၆ – ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း။
၇ – ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း ရှင် ဦးအေးကြူ။
၈ – ဦးကျော်ဝင်း(ခ)ပန်းသီး ရွှေကုန်သည်။
၉ – ဦးညီညီဦး(ခ) ချက်ကြီး ရွှေကုန်သည်။
၁၀ – ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင် ရွှေကုန်သည်တို့ကို ဖမ်း၀ရမ်းထုတ်ထားသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ရွှေဆိုင်များတွင် ကြိတ်ကြိတ်တိုး ဝယ် ယူ သူများဖြင့် ပြည့်နှက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo – အီးပီအေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article