25 C
Yangon

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေဟု NUG ဘဏ္ဍာရေးဝန်ကြီးနှင့် ဒေါက်တာရှောင်တာနယ် ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပနေသည့် မြန်မာ့စီးပွားပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ မေလအထိ ၃ နှစ် ၃ လအတွက် မြန်မာကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှု စုစုပေါင်း တန်ဖိုး ကျပ်ဘီလီယံ ၃၀၀၀၀ နီးပါးရှိနေကြောင်း သိရှိရသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ( ၂ နှစ်ပေါင်း) အတွက် ဗဟိုဘဏ်က ငွေစက္ကူ အသစ် ရိုက်ထုတ်မှု စုစုပေါင်း ၃၆၅၆ ဘီလီယံသာရှိကြောင်း၊ စစ်ကောင်စီ၏ ၃ နှစ် ၃ လကာအတွင်း မြန်မာကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှုသည် NLD အစိုးရလက်ထက် ၂ နှစ်ကာလ ငွေစက္ကူအသစ် ရိုက်ထုတ်မှုထက် ၈ ဆကျော်အထိ တိုးမြှင့် ရိုက်ထုတ်ခဲ့သည်ကို တွေ့ရှိရကြောင်း ဝန်ကြီးက ဆက် လက် ပြောဆိုသည်။

စစ်ကောင်စီထံတွင် နိုင်ငံခြားငွေအလွန်လျော့နည်းနေပြီး စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် စက်တင် ဘာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် တွက်ချက်မှုများအရ နိုင်ငံခြားအရန်ငွေ လက်ကျန်မှာ ၃ ဒသမ ၈ ဘီလီယံသာတော့ကြောင်း စာရင်းအရ သိရှိရကြောင်း၊ သို့ရာတွင် အမေရိကန်က ထိန်းသိမ်းထားသော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပါတွက်ချက်ပါက စစ်ကောင်စီထံတွင် အလွန်နည်းပါးသော နိုင်ငံခြားငွေကြေး ကျန်ရှိတော့ကြောင်း ဝန်ကြီးက ပြောဆိုသွားသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိ ကြုံတွေ့နေရသော ဘဏ္ဍာရေးအကျပ်အတည်းကို ငွေစက္ကူအသစ်များ ရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းနေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာရှောင်တာနယ်ကလည်း သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article