25 C
Yangon

သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်| ဇွန် ၅

ရခိုင်ပြည် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာပြင်းထန်သူ ၁၀ ဦးနှင့်အထက် ရရှိသွားကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကစပြီး ညနေ ၄ နာရီအထိ တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲခဲ့သည့်အပြင် မောင်ရွှေလေး ရေတပ်ကလည်း လက်နက်ကြီး အလုံး ၆၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးအခြေအနေသိသူ ဒေသခံတစ်ဦးက ပြောသည်။

” စစ်ကောင်စီက ရွာထဲကို တည့်တည့် ဗုံးကျဲတိုက်ခိုက်တာ။ အဲဒီအနားမှာ တိုက်ပွဲရှိတာလည်း မဟုတ်ဘူး။ ရွာသားတွေ သေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်တကာ ပစ်ခတ်တိုက်တာ။ မဟေမာန်ဦးတဲ့ အမျိုးသမီးနဲ့ ကျောင်းဆရာမ နှစ်ဦး သေသွားတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေ သိပ်မရတော့ ကျောင်းဆရာမနှစ်ဦးက အတည်ပြုဖို့ နည်းနည်းခက်သေးတယ်။ ဒဏ်ရာရတဲ့သူကလည်း ၁၀ ဦးထက်မက ရှိနေတယ်။ အပျက်စီးကတော့ မပြောနဲ့တော့ ရွာထဲဗုံးကြဲခံရတာဆိုတော့ တော်တော်လေးကို ပျက်စီးသွားတာ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဗုံးကျဲတိုက်ခိုက်ခံရချိန် ဆင်ခေါင်းရွာသားများမှာ အဝတ်မရ၊ ဖိနပ်မရ ရရာစက်လှေနှင့် ရရာကား၊ ဆိုင်ကယ်တို့ကို ဆွဲပြီး အနီးအနားကျေးရွာများနှင့် ဘေးကင်းလုံခြုံရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

” ဗုံကျဲခံရတဲ့ ဖြစ်စဉ်ကို မေးဖို့ ဆင်ခေါင်းရွာသားတွေက လုံခြုံရာကို မရောက်သေးတဲ့အတွက် အဆက်အသွယ် မရသေးဘူး။ ဖုန်းလိုင်းကလည်း ပြတ်နေတော့ အဆက်အသွယ်က လုံးဝ မရသေးတာ။ ရွာထဲမှာ ဘာတွေ ဖြစ်ပျက်ပြီး ကျန်ခဲ့လဲ၊ ထိခိုက်၊ သေဆုံးသူတွေရဲ့ အခြေအနေကို မသိရဖြစ်နေတယ်။ ကနဦး သတင်းရတာကတော့ စစ်ကောင်စီက အရပ်သားတွေကို တမင်တကာ ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ပြောကြတယ်။ ” ဟု သံတွဲဒေသပြည်သူက ပြောသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲ နှစ်နေရာဖြစ်ပွားနေပြီး ငပလီမြို့နှင့် ၃ မိုင်ခန့်အကွာ ဂေါ့တောင်နှင့် သံတွဲမြို့ ၅ ခန့်အကွာ ရွှေလှော်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြသည်။

ဧပြီလ ၂၂ ရက်နေ့က ဒေါ်မြရွာအနီးတွင် စတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ မေလ ကုန်ပိုင်းတွင် ရက်အနည်းငယ် ရပ်တန့်ခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကစ၍ အဆိုပါ နှစ်နေရာတွင် တိုက်ပွဲများပြန်လည်စတင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဂေါ့တောင်တိုက်ပွဲကြောင့် ငပလီမြို့ထဲက သံတွဲလေဆိပ်ကို ယာယီပိတ်ပင်ထားပြီး ဟိုတယ်များမှာလည်း ပိတ်ထားကာ ဟိုတယ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ သံတွဲမြို့နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

ဆင်ခေါင်းမှ ထိခိုက်၊ သေဆုံးသူ စာရင်းအပါအဝင် သံတွဲတိုက်ပွဲတွင် အရပ်သား ၂၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ ဦးထက်မနည်း ရှိနေကြောင်း ၊ သေဆုံးသူများထဲတွင် ကမန်လူမျိုး ၁၁ ဦးနှင့် ရခိုင် ၁၇ ဦးပါဝင်ပြီး ဒဏ်ရာရရှိထားသူ ၂၅ ဦးမှာလည်း ကမန်လူမျိုးနှင့် ရခိုင်တိုင်းရင်းသားများ ပါဝင်နေကြောင်း၊ သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ဝေးသော သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ အသစ်တိုးချဲ့ထားသော စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ သံတွဲမြို့နယ်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတို့က တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ စစ်ကောင်စီ အမြှောက်တပ်ရင်းမှာ သံတွဲမြို့နှင့် ၅ မိုင်ကျော်အကွာ ရွှေလှော်ကျေးရွာအနီး ဒေါပွေ့ခုံရွာသို့ ဆုတ်ခွာလာကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ခလရ ၅၅ ၊ ခမရ ၅၆၆ တပ်ရင်းနှင့် မောင်ရွှေလေးရေတပ်စခန်းတို့ရှိပြီး တပ်ရင်းများ၏ လက်အောက် တပ်စခန်းအများအပြားရှိနေသည်။

လက်ရှိတွင် AA သည် တပ်စခန်းငယ်များကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နေကာ အဆိုပါ တပ်ရင်းနှစ်ခုကို ဦးတည်တိုက်ခိုက်နေပြီး တပ်ရင်းနှစ်ခုလုံးကို သိမ်းပိုက်ရရှိပါက သံတွဲမြို့နှင့် ငပလီမြို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီဘက်က အာရက္ခတပ်တော် AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံနေသော်လည်း အရှုံးများနှင့်ရင်ဆိုင်နေရကြောင်း စစ်ရေးအခြေအနေသိသူများက ပြောဆိုကြသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ သံတွဲမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့အတွင်းက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်ခိုလှုံကြရန် AA က တိုက်တွန်းထားသည်။

ဓာတ်ပုံ – မောင်တောတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျေးလက်ဆေးခန်းတစ်ခု ပျက်စီးသွားစဉ်။

Photo- APM။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မောင်တောတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျေးလက်ဆေးခန်းတစ်ခု ပျက်စီးသွားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article