25 C
Yangon

ကလေးမြို့ မင်းကြီးဟိုတယ်၊ ရေကူးကန်တွင် ရေကူးနေသော လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီးနောက် တချို့ ကို စစ်မှုထမ်းပါမည်ဟု ကတိခံဝန်ထိုးခိုင်း လွှတ်ပေးသော်လည်း တချို့ စစ်မှုထမ်းရန် ခေါ်ဆောင်သွား

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ မင်းကြီးဟိုတယ်တွင် ယမန်နေ့ ရေကူးနေသော လူငယ်များကို စစ်ကောင်စီတပ်နှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် အသက်မပြည့်သော ကလေးတချို့ကို ပြန်လွှတ်ပေးပြီး အသက် ပြည့်သူတချို့ကိုလည်း စစ်မှုထမ်းပါမည်ဆိုသော ကတိခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးကြောင်း၊ တချို့ကိုမူ စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ကလေးမြို့မှ ပြည်သူတချို့က ပြောဆိုကြသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ကလေးမြို့၊ မင်းကြီးဟိုတယ်တွင် လူငယ်များ ရေကူးနေကြစဉ် ပျူစောထီး ၃ ဦးက ရေကူးကန်မှ အမျိုးသမီးငယ်များကို မဖွယ်မရာ လုပ်ဆောင်ရာမှ ခိုက်ရန်ဖြစ်ပွားကြောင်း၊ ထို့နောက် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး ရေကူးကန်မှ လူငယ်များအားလုံးကို ကားဖြင့် တင်၍ ခေါ်ဆောင်သွားခဲ့ကြောင်း ၊ ထို့ နောက် အသက်မပြည့်သေးသူ တချို့ကို ယနေ့ ပြန်လွှတ်ပေးပြီး အသက်ပြည့်သူတချို့ကိုလည်း စစ်မှုထမ်းပါမည် ဆိုသော ကတိဝန်ခံထိုးခိုင်းကြောင်း၊ တချို့မှာမူ ပြန်လည် လွတ်မြောက်ခြင်းမရှိဘဲ စစ်မှုထမ်းရန် တစ်ခါတည်း ခေါ်ဆောင် ခံရကြောင်း သိရှိရသည်။

“မနေ့က ဖမ်းသွားတဲ့ လူငယ် ၂၀ ကျော်မှာ တချို့ကလေးတွေ အသက်မပြည့်သေးလို့ ပြန်လွတ်လာတယ်။ တချို့ အသက်ပြည့်ပြီးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေက စစ်မှုထမ်းပါမယ်ဆိုတဲ့ ကတိဝန်ခံချက် ထိုးခိုင်းတယ်။ ပြီးတော့ ပြန်လွှတ်တယ်။ တချို့ လူငယ် အမျိုးသားတွေ ပြန်မလွှတ်တော့ဘဲ တစ်ခါတည်း စစ်မှုထမ်းဖို့ ခေါ်ထားလိုက်တယ် ” ဟု ဖမ်းဆီးခံရသော လူငယ်များနှင့် အဆက်အသွယ်ရှိသူ ကလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ တွင်လည်း ကလေးမြို့ပေါ်တွင် စစ်တပ်က လူငယ်တချို့ကို ဖမ်းဆီးပြီး ကလေးမြို့ ဒကစနှင့် ကလေးအကျဉ်းထောင်အနီး စခန်းကြီးကျေးရွာအနီး လေ့ကျင့်ရေး ၁၀ သို့ ပို့ဆောင်ကြောင်း၊ သိရှိရသည်။

“အခု စစ်သင်တန်းတက်ဖို့ ပို့နေတာက ကလေးမြို့က လူငယ်တွေ ပါသလို အခြားမြို့က လူငယ်တွေလည်း အပို့ခံရတယ်။ ကလေးဒကစထဲပို့သလို ကလေးထောင်နားက စခန်းကြီးကျေးရွာအနီးမှာ လေ့ကျင့်ရေး ၁၀ ဆိုတာလည်း ရှိတယ်။ အဲဒီမှာလည်း စစ်မှုထမ်း အပတ်စဉ် ၃ တောင် ရှိနေပြီ။ စစ်သင်တန်းတွေ ဖွင့်နေတာ။ နောက်တစ်ခါ မနေ့က ချမ်းမြေ့အောင် ရပ်ကွက်မှာ လူငယ်တွေ ကို စစ်တပ်က ဆေးစစ်မယ်ဆိုပြီး အတင်းအကျပ် ဖမ်းသွားတာလည်းရှိတယ်။ ကလေးမြို့ပေါ်မှာတော့ ပေါ်တာဆွဲတာတွေ ဖမ်းဆီးတာတွေက အကြီးအကျယ်ဖြစ်နေတာ” ဟု ကလေးမြို့မှ ပြည်သူက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့တွင် စစ်အင်အား အလုံအလောက်ရရှိရန် ပြည်သူ့စစ်များ၊ ပျူစောထီးများ အပြင် လူငယ်များကို စစ်သင်တန်း အတင်းအကျပ်တက်ခိုင်းကာ စစ်သင်တန်းဆင်း လူငယ်တပ်သားသစ်များကိုလည်း စတင်အသုံးပြုမှုများ ရှိလာနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article