26 C
Yangon

မြန်မာနိုင်ငံတွင် VPN နှင့် Facebook ပိတ်ဆို့သည့် စီမံချက်တွင် တရုတ် အင်တာနက် ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing ၏ ကုမ္ပဏီက ထဲထဲဝင်ဝင် ပါဝင်နေ

Must read

ပြည်တွင်း အင်တာနက်အသုံးပြုမှုများကို ကြားဖြတ် ဖမ်းယူနိုင်သည့်အပြင် VPN အသုံးပြုမှုများ အပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အင်တာနက် အသုံး ပြုမှုများကို စစ်ကောင်စီက ထောက်လှမ်းနိုင်

ရန်ကုန်၊ ဇွန် ၂၀

မြန်မာနိုင်ငံတွင် VPN နှင့် Facebook ပိတ်ဆို့သည့် လုပ်ငန်းတွင် တရုတ် အင်တာနက်ပိတ်ဆို့ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing ၏ ကုမ္ပဏီက ထဲထဲဝင်ဝင် ပါဝင်နေကြောင်း Justice for Myanmar က စုံစမ်းဖော်ထုတ်ထားသည်။

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ပင်ရေးတွင် ပါဝင်နေသော တရုတ် Geedge Networks ကုမ္ပဏီ ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သောကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီသည် Hainan Free Trade Port တွင် အခြေစိုက်ပြီး၊ ဘေဂျင်းတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်ထားကြောင်း၊ ကုမ္ပဏီတည် ထောင်သူများမှ တစ်ဦးဖြစ်သူ၊ ခေါင်းဆောင်သိပ္ပံပညာရှင် Fang Binxing သည် တရုတ်အင်တာနက် ဆင်ဆာဖြတ်တောက်ရေးယန္တရား Great Firewall ကို ထူထောင်ခဲ့သော “ခေါင်းကိုင်ဖခင်” ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မေလကုန်တွင် စစ်အုပ်စုသည် အင်တာနက်ကို ပိုမိုထိန်းချုပ်ရန် ဝဘ်စောင့်ကြည့် ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု စနစ်သစ်တစ်ခုကို စတင်အသုံးပြုကြောင်း၊ အဆိုပါစနစ်သည် အင်တာနက်အသုံးပြု လှုပ်ရှားမှုများကို ကြားဖြတ် ဖမ်းယူနိုင်သလို၊ လျှို့ဝှက်ကုဒ်များကို မူလအချက်အလက်များအတိုင်း ဖတ်ရှုနိုင်ရန် ကုဒ်စနစ်ကို ဖယ်ရှားပေးနိုင်သည့် စွမ်းဆောင်ရည်များလည်း ရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်အုပ်စု၏ အင်တာနက်ဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများကို ကျော်ဖြတ်ရှောင်ရှားရန် အတွက် အသုံးပြုလေ့ရှိသည့် ပုဂ္ဂလိကကွန်ရက်တုများ virtual private networks (VPNs) အပါအဝင် အက်ပလီကေးရှင်းများနှင့် ဝဘ်ဆိုဒ်များကို ပိတ်ပင်နိုင်စွမ်းရှိကြောင်း ၊ အဆိုပါစနစ်သည် VPN အသုံးပြုမှုများအပါအဝင် အင်တာနက်ပေါ်ရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကွန်ရက်အက်ပလီကေးရှင်းများ အသုံးပြုနေမှုများကိုလည်း စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်း ရှိကြောင်း အဆိုပါစောင့်ကြည့်ထောက်လှမ်းစနစ်ကို အသုံးပြု၍ နောက်ထပ်သော မတရား ဖမ်းဆီးမှုများ ရှိလာမည်လည်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက အသုံးပြုနေသည့် အဆိုပါစနစ်သစ်သည် Tiangou Secure Gateway (TSG) နှင့် Geedge Networks ဟုလည်းသိကြသည့် တရုတ်ပုဂ္ဂလိ ကကွန်ရက်လုံခြုံရေး၊ ထောက်လှမ်းရေး ကိရိယာနှင့် ဝန်ဆောင်မှုကုမ္ပဏီ Jizhi (Hainan) Information Technology Company Limited ၏ Cyber Narrator တို့ကို အသုံးပြုထားကြောင်း သိရသည်။

TSG သည် အင်တာနက်စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ ထုတ်ကုန် ပစ္စည်းတစ်ခု ဖြစ်ကြောင်း၊ Geedge Networks ၏ ဝဘ်ဆိုဒ်တွင် “TSG သည် ကွန်ရက်အသုံးပြု အသွားအလာများအပေါ်တွင် အသေး စိတ်မွှေနှောက်စစ်ဆေးမှု (deep packet inspection) ကို လုပ်ဆောင်ပေးပြီး၊ stream-based analysis engine ကို အသုံးပြုကာ အကြောင်းအရာများကို အမျိုးအစား ခွဲပေးနိုင်သည့်အပြင်၊ ရိုးရှင်း၍ ဘက်စုံလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကိုလည်း ပေးအပ်နိုင်သည်” ဟု ဖော်ပြထားသည်။

TSG ၏ဝန်ဆောင်မှုများတွင် secure sockets layer (SSL) နှင့် transport layer security (TLS) ကုဒ်ဝှက် လုပ်ထုံးလုပ်နည်းများဖြင့် ကုဒ်ဝှက်ထားသည့် ဆာဗာနှင့် သုံးစွဲသူများအကြား အသုံးပြုမှုအသွားအလာများကို ကုဒ်ဖြည်ခြင်း၊ စစ်ဆေးခြင်း စသည့် ဖော်ထုတ်လုပ်ဆောင်နိုင်စွမ်းများလည်း ပါဝင်သည်။ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုအဖြစ် ၎င်းသည် ဝဘ်ဆိုဒ်များရှိ လုံခြုံရေးအတား အဆီးများကို စောင့်ကြည့်ခြင်းနှင့် ကျော်ခွခြင်း တို့ကိုလည်း လုပ်ဆောင်နိုင်သည်။ ကုဒ်ဖြည်ခြင်း မလုပ်ဆောင်နိုင်သည့်အခြေအနေများတွင်ပင် အဆိုပါစနစ်သည် အသုံးပြုသူများ၏ Metadata များကို ရယူနိုင်စွမ်းနှင့် အွန်လိုင်းအပြုအမူများကို ခွဲခြမ်းသုံးသပ် စိစစ်နိုင်စွမ်းများ ရှိနေကြောင်း သိရှိရသည်။

TSG သည် အက်ပလီကေးရှင်း ၁၀၀၀ ကျော်ကို ၎င်းတို့၏ အပြုအမူများနှင့် စရိုက်လက္ခဏာများ အပေါ် အခြေခံ၍ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုခြင်း” တို့ လုပ်ဆောင်နိုင်သော Firewall အက်ပလီကေးရှင်း တစ်ခုအနေနှင့်လည်း စွမ်းဆောင်နိုင်ကြောင်း သိရှိရသည်။

Cyber Narrator သည် အင်တာနက်အသွားအလာကို စောင့်ကြည့်ခွဲခြမ်း စိတ်ဖြာ၍၊ “အန္တရယ်ရှိနိုင်သည်ဟု ယူဆသော ခြိမ်းခြောက်မှု” များကို တုန့်ပြန်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် ကွန်ရက်ထောက်လှမ်းရေး ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း၊ ထုတ်ကုန်၏ အဓိကအင်္ဂါရပ်များတွင် “အက်ပလီကေးရှင်း၊ IP လိပ်စာ၊ ဒိုမိန်းအမည်နှင့် စာရင်းသွင်းထားသူ အပါအဝင် သင်၏ကွန်ရက် အဖွဲ့အစည်းများကို ပရိုဖိုင်အဖြစ် ပြုလုပ်နိုင်စွမ်းကဲ့သို့သော ကွန်ရက်အစုအဖွဲ့လိုက် ပရိုဖိုင် ပြုလုပ်နိုင်ခြင်းများလည်း ပါဝင်သည်။ ထို့အပြင် သံသယဖြစ်ဖွယ်အပြု အမူများ၊ ဆက်စပ်ဖြစ်ရပ် များ၊ မက်ထရစ်များနှင့် အဖွဲ့အစည်းဆက်ဆံရေးများကဲ့သို့သော အစုအဖွဲ့လိုက် စုံစမ်းစစ်ဆေးမှုများ အတွက် လုံလောက်သည့် စွမ်းဆောင်ရည်များလည်း ပါရှိကြောင်း၊ အန္တရာယ်များသောလုံခြုံရေးဆိုင်ရာ အသုံးပြုမှုတစ်ခုအဖြစ် VPN အသုံးပြုမှု တစ်ခုချင်းစီကို ခွဲခြားဖော်ထုတ်ခြင်းအပေါ် ညွှန်းဆိုထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – တရုတ်နိုင်ငံ၏ အင်တာနက်ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တရုတ်နိုင်ငံ၏ အင်တာနက်ဖြတ်တောက်ရေး Great Firewall ကို ဖော်ဆောင်ခဲ့သူ Fang Binxing
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article