မြင်းခြံ-နွားထိုးကြီး နယ်စပ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ် အစပ်နှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်-နွားထိုးကြီးမြို့နယ် အစပ်ရှိ ခံစပ်ကုန်းရွာနှင့် မင်းရွာ ဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ လေကြောင်းဖြင့် ထပ်မံ ဗုံးလာကျဲမည်ကို ဒေသနေပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ဒီနေ့ ၄ နာရီလောက်က လေကြောင်းနဲ့ ဗုံးကျဲသွားတာပါ။ ဘာတိုက်ပွဲမှ မရှိပါဘူး။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ လေကြောင်းထပ်လာမှာကို စိုးရိမ်နေရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်ကလည်း ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ စာသင်ကျောင်းအနီးနှင့် မြေတိုင်းရွာ-ရေဇင်းရွာ အကြားကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် သတင်းစုံ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။