26 C
Yangon

ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများကို ဦးတည်တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်တပ်နှင့်တော် လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများကို တော် လှန်ရေးတပ်များက ဦးတည်တိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့မှစတင်ပြီး ယနေ့အချိန် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ ကားလမ်းများပိတ်ထားပြီး ခရီးသည်တင်ကားများအပါအဝင် အိမ်စီးကားများ ပိတ်မိနေကြောင်း သိရှိရသည်။

“မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ နဲ့ စစ်ခွေးတွေ တိုက်နေတာပါ။ ဩဂုတ်လ ၂၆ ရက်နေ့ကတည်းက ။ ပြည်သူတွေကတော့ အကုန်ရှောင်နေရတယ်။ ကားတွေလည်း ပိတ်မိနေတာရှိတယ်”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ ယနေ့ နံနက် ၇ နာရီအချိန် ပုလေမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင်လည်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ပုလော PDF ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် သြဂုတ်လ ၁၇ ရက်နေ့နှင့် ဩဂုတ်လ ၂၇ ရက်နေ့တို့တွင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပုလော ပ.က.ဖ) Drone တပ်စိတ် (Shadow Squad) က ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ အော်သာယာတောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံး ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့—ပုလော ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်တောင်ကုန်းပေါ်သို့ ဗုံး များကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ စစ်ကောင်စီ၏ တာဝါတိုင်စခန်းကုန်းမှ မှော်ကြောင်းကျေးရွာ၊ ခမောင်းတောကျေးရွာ နှင့် အော်သာယာ ဘက်သို့ လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့ပြီး ခလရ ၂၈၅ အတွင်းမှလည်းအော်သာယာ နှင့်ခမောင်းတောကျေးရွာဘက်သို့လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သော အော်သာယာတောင်ပေါ်ရှိတာဝါတိုင်စခန်းကုန်းသည် မှော်ကြောင်းကျေးရွာ၊လက္ကူးကျေးရွာ၊မြဒေါင်ကျေးရွာ၊မင်းထိန်ကျေးရွာ၊ ခမောင်းတောကျေးရွာနှင့် အော်သာယာ ဘက် သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိသော စခန်းကုန်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article