ရန်ကုန်၊ ဩဂုတ် ၃၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ရွာအနီး ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ် ရင်းမှ ၆ မိုင်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နှစ်ဖက် ညှပ်ပိတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများက ၆ မိုင်ကျေးရွာအတွင်း ဝင်ရောက်သွားပြီး ပြည်သူပိုင် နေအိမ်များထဲမှ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်များအပြင် ဒရုန်းများပါ အသုံးပြုပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲသည် ဩဂုတ်လ ၂၉ ရက်နေ့ အထိ ၄ ရက်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲ ၄ ရက်အတွင်း အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး ၁ ဦးအပါဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စစ်သားများထံမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ပို့ယမ်း ၄ တောင့်၊ ကျည်ဘောက် ၃ ခု၊ အီနာကာ ဗုံး သီး ၁ လုံးနှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ထုံတော်ရွာနှင့် ၆ မိုင်ရွာရှိ အပြစ်မဲ့ ပြည်သူ ၈ ဦး ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၆ ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ကျန် ၂ ဦးမှာ ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ၊ စစ်ကြောင်း ၂ ၊ KNLA တပ်ရင်း ၁၁ ၊ KTLA စသည့်မြေပြင်တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ၊ ADF ဒရုန်း အဖွဲ့၊ Dragon Squadဒရုန်း အဖွဲ့ နှင့် မြိတ်ခရိုင်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar