24 C
Yangon

ပြည်ပရောက် မြန်မာများ လုပ်ခလစာနိုင်ငံခြားငွေများ ပြည်တွင်းသို့ စစ်ကောင် စီ ဘဏ်များမှတစ်ဆင့် ပြန်လွှဲလျှင် လျှပ်စစ် ကားနှင့်ဆိုင်ကယ်များ တင်သွင်းခွင့်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ပြည်ပရောက် မြန်မာများအနေဖြင့် စစ်တပ်လက်အောက်ခံဘဏ်များမှတစ် ဆင့် ပြည်တွင်းသို့ လုပ်ခလစာနိုင်ငံခြားငွေများ ပြန်လွှဲလျှင် လျှပ်စစ်ကားနှင့်ဆိုင်ကယ်များ တင်သွင်းခွင့်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးလာသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ အပါ အဝင် မိမိ မိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေ ဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုး နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလာသည်။

မြန်မာနိုင်ငံသို့ ငွေပြန်လွှဲသော ပြည်ပရောက် မြန်မာများကို လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ သံရုံးက ဆက်လက် ကြေညာထားသည်။

ပြည်ပရောက် မြန်မာများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ စစ်ကောင်စီလက်အောက်ခံ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရမည်ဖြစ်ပြီး ငွေပြန်မလွှဲပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးခြင်း၊ OWIC ကတ် ထုတ်မပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ ယခုအခါတွင်မူ စစ်ကောင်စီက မက်လုံးပေး၍ ပြည်တွင်းသို့ နိုင်ငံခြားငွေများ ပြန်လည်လွှဲ ပြောင်းခိုင်းနေခြင်းဖြစ်ရာ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားတချို့က ဆိုသည်။

“စက်ရုံမှာကလည်း တစ်လကို အချိန်ပိုကြေးပါမှ ထိုင်းဘတ် ၁ သောင်းလောက်ရတာ။ ဒါလည်း အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုးနဲ့ အိမ်ကို အများကြီး မလွှဲနိုင်ဘူး။ ငွေလွှဲရင်တော့ အေးဂျင့်တွေက မြန်တယ်လေ။ Wave ၊ K Pay နဲ့ ငွေလွှဲအေးဂျင့်ကနေပဲ လွှဲလိုက်တာပဲ။ ဘဏ်တွေကတော့ မလွှဲတတ်ဘူး။ ကိုယ်လာတုန်းကလည်း အောက်လမ်းကလာပြီး ဒီရောက်မှ ပန်းရောင်ဘတ် ရိုက်လိုက်တာ။ အခုကတော့ ပြန်ဖို့ မလွယ်တော့ဘူး။ ပြန်ရင်လည်း စစ်ထဲ အဆွဲခံရမှာစိုးလို့ မပြန်တော့ဘူး။ သံရုံးက အိမ်ကို ငွေပြန်လွှဲရင် လျှပ်စစ်ကားတင်သွင်းခွင့်ပေးမယ်ဆိုတဲ့ပမာဏက ဒီက မြန်မာအလုပ်သမားတွေ မပြည့်မီနိုင်ပါဘူး။ ဒါကြီးက ကျနော်တို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ဘာမှ ထူးထူးခြားခြားမဖြစ်လာဘူး။ ပတ်စ်ပို့သက်တမ်းတိုးတာပဲ လွယ်လွယ်ကူကူ လုပ်ပေးတာက ကျနော်တို့အားလုံးအတွက် အကျိုးရှိပါတယ်။ သူတို့ဘဏ်တွေကနေလည်း ငွေလွှဲမှာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ နောက်ကြောင်းလိုက်ခံရမှာစိုးလို့ပါ” ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ငါး၊ပုဇွန် အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားကိုကျော်ဆွေထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက ၎င်းတို့အတွက် နိုင်ငံခြားငွေ ရရှိရန်နှင့် ဝင်ငွေခွန်ဆောင်ကြရန် မကြာခဏ ဖိအားပေးနေသော်လည်း ထိုင်းရောက် မြန်မာ အလုပ်သမားများ၏ အရေးကိစ္စများကို တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လာသည့် မြန်မာလုပ်သားများ အလုပ်အကိုင်အေဂျင်စီများ၏ မှန်ကန်စွာမလုပ်ဆောင်ခြင်း၊ အလုပ်ရှင်များ၏ လုပ်ခလစာအပြည့် မပေးခြင်း၊ စာချုပ်ပါ အလုပ်နှင့် အမှန်တကယ် လုပ်ဆောင်ရသည့် အလုပ်များ ကွဲလွဲမှု ရှိခြင်း စသည့် အခက်အခဲများ မြန်မာအလုပ် သမားများ ကြုံတွေ့နေရကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ မြန်မာသံရုံးအနေနှင့် ကူညီပေးခြင်းမရှိဘဲ အလုပ်သမားများထံမှ မတရားအခွန်ငွေ ကောက်ခံခြင်းသာ အဓိက လုပ်ဆောင်နေကြောင်း ထိုင်းရောက် မြန်မာလုပ်သားများက ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်တွင် လျှပ်စစ်ကားပြပွဲ တစ်ခုသို့ အကြမ်းဖက်စစ်ကောင်စီ ဗိုလ်ချုပ်တချို့ တက်ရောက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် လျှပ်စစ်ကားပြပွဲ တစ်ခုသို့ အကြမ်းဖက်စစ်ကောင်စီ ဗိုလ်ချုပ်တချို့ တက်ရောက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article