28 C
Yangon

ဂန်ဂေါမြို့နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

Must read

ဂန်ဂေါမြို့နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာနဲ့ တောင်ခင်ရန်းကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးဘက်က ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့၊ မနက်စောစောမှာ မြောက်ခင်ရန်းပျူစောထီးကျေးရွာက အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဟာ ကလေး – ဂန့်ဂေါလမ်းမကြီး အရှေ့ဘက်နဲ့ အနောက်ဘက် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တောင်ခင်ရန်းဘက်ကို စစ်ကြောင်းထိုးရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“မိုင်းကွဲတာက အနည်းဆုံး ရှစ်လုံးလောက်ရှိမယ်။ မီတာတရာဝန်းကျင်သူတို့အရောက်မှာ ပစ်ခတ်မှုတွေဖြစ်တာဆိုတော့ ခုတိုက်ပွဲက အနီးကပ်လည်းဖြစ်တာ” လို့ ဂန့်ဂေါမြို့နယ် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ထိခိုက်ဒဏ်ရာရတဲ့သူ ၁၀ ဦးကျော်ကို မြောက်ခင်ရန်းရွာမြောက်ဘက် ဂန့်ဂေါမြို့နယ်အဆုံး ဟံသာဝတီပျူစောထီးကျေးရွာ ဆေးရုံသို့ ရောက်လာခဲ့ပြီး ရောက်လာတဲ့သူတွေထဲက ပျူစောထီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သေသွားတဲ့ ပျူစောထီးက ကုက္ကားသား ။ မိတဲ့ထဲမှာ အရာရှိပိုင်းတော့မပါဘူးထင်တယ်။ သူတို့စစ်တပ်ကအရာရှိပါရင် ရဟတ်ယာဥ်နဲ့ လာခေါ်မှာ” လို့ ဟံသာဝတီပျူစောထီးကျေးရွာနဲ့ အဆက်အစပ်ရှိတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ဘက်အဆုံးမှာ မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီကျေးရွာတွေဟာ ၊ ဂန့်ဂေါ – ကလေး လမ်းမကြီးဘေးမှာ ဆက်တိုက်တည်ရှိနေကြတာဖြစ်ပါတယ်။

မြောက်ခင်ရန်းရွာကနေ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းထဲက တပ်ဖွဲ့ဝင် တဝက်ကျော်လောက်ဟာ မြောက်ခင်ရန်းကျေးရွာဘက်ကို ပြန်ဆုတ်ခွာသွားပေမယ့် မြောက်ခင်ရန်းရွာအရှေ့မြောက်ဘက် သင်တောကျေးရွာမှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေရှိနေသေးတယ်လို့ဆိုပါတယ်။ သင်တောကျေးရွာဟာ မြောက်ခင်ရန်းပျူစောထီးတွေရဲ့ ဘေးရန်ကြောင့် လူမနေထိုင်တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ပျူစောထီးကျေးရွာတွေကနေ စစ်ကြောင်းမထွက်ခင် လေးရက်အလို အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ဟံသာဝတီပျူစောထီးကျေးရွာကို လက်နက်ခဲယမ်းတွေ ရဟတ်ယာဥ်နဲ့ လာချပေးခဲ့တယ်လို့ သိရပါတယ်။

“သူတို့က သူတို့ရွာကို ရဟတ်ယာဥ်လာရင် ပုန်းနေကြတဲ့သူတွေတောင်ရှိတယ်။ တခြားရှေ့တန်းကို ခေါ်ပို့မှာစိုးတာလေ။ ခုဟာကတော့ စစ်ကြောင်းထွက်ဖို့ လက်နက်လာချတာနေမှာ” လို့ ဟံသာဝတီကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲရှုံးနိမ့်လာတာနဲ့အမျှ အင်အားလိုအပ်နေပြီး ပျူစောထီးတွေကို ပိုအသုံးချနေတယ်လို့ ဂန့်ဂေါမြို့နယ် တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

ဒီနှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့တုန်းက စစ်ကောင်စီဟာ ဂန့်ဂေါမြို့ပေါ်က ပျူစောထီးတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ရဟတ်ယာဥ်နှစ်စီးနဲ့ ပင်လယ်ဘူးမြို့တိုက်ပွဲကို ပို့ဆောင်ခဲ့ပြီး ပို့ဆောင်ခံရတဲ့ထဲက ဗိုလ်မှူးနှစ်ဦးအပါအဝင် ဆယ်ယောက်ကျော် ပင်လယ်ဘူးတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“အခု သူတို့က (ပျူစောထီးတွေ) သူတို့ကို တခြားရှေ့တန်းမပို့နဲ့။ မြောက်ခင်ရန်းကနေ ဂန့်ဂေါလမ်းပေါက်အောင် စစ်ကြောင်းထိုးပေးမယ်ဆိုပြီး အာမခံထားတာ” လို့ ပျူသောထီးကျေးရွာကနေ ထွက်ပြေးလွတ်မြောက်လာပြီး ရွာနဲ့အဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်က မျက်မှောက်ခေတ်ကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ဂန့်ဂေါမြို့ပေါ်နဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစွန်က ပျူစောထီးကျေးရွာတွေမှာသာ စစ်ကောင်စီတပ်တွေတည်ရှိတာဖြစ်ပြီး ကျန်နယ်မြေတွေကိူ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတယ်လို့ သိရပါတယ်။

ဓာတ်စာ – ၂၀၂၄ ခုနှစ် မေ ၁၆ ရက်နေ့က မြောက်ခင်ရန်းရွာပျူစောထီးတွေက ရေသာရွာနဲ့ ရွှေဘိုရွာကို မီးရှိူ့ဖျက်ဆီးစဥ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article