24 C
Yangon

ရွှေဘိုတွင် ၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က အိုးဘိုရွာအနီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်က အိုးဘိုရွာအနီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က စတင်ပြီး ရွှေဘိုမြို့ အနောက်ဘက်ရှိ အိုးဘိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ၂ ရက်ကြာနေထိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် အိုးဘိုရွာ၌ ၂ ရက်ဆက် တပ်စွဲခဲ့ပြီး အိုးဘိုရွာ အနီးရှိ အိုးဘိုမူးဘောင်ပေါ်တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်၍ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများမှာလည်း ပုတ်ပွနေ၍ အတည်ပြုနိုင်ရန် ခက်ခဲကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က အိုးဘိုရွာကို ဝင်ရောက်တပ်စွဲစဉ် ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားပြီး ပြည်သူပိုင် ဆိုင်ကယ် ၃ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ၇ နှစ်ရက်ကြာ တပ်စွဲခဲ့ကြောင်း၊အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အိုးဘိုရွာနှင့်ချီပါရွာမှ နေအိမ် ၈ လုံး၊ စက်ယက်ကန်းရုံ ၁ ရုံ နှင့် ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်တို့ ပျက်စီးပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အသတ်ခံရသူတဲ့ သူတွေက ဘယ်ကျေးရွာက လူတွေလည်းဆိုတာ မသိရသေးဘူး။ အခုထိ အလောင်းပိုင်ရှင်လည်း မရှိဘူး။ အိုးဘိုရွာကို စစ်ခွေးတွေ ဝင်ရောက်လာတုန်း သတ်ခံတာဖြစ်နိုင်တယ်။ ၇ ၊ ၈ ရက် ကြာမှ တွေ့တာဆိုတော့ အလောင်းတွေလည်း ပုတ်ပွနေပြီး မျက်နှာတွေလည်း အတည်ပြုဖို့ ခက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article