24 C
Yangon

ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံး၊ မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံးပြီး မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရဲစခန်း အရှေ့မြောက်ဘက်ရှိ မြို့နယ် လျှပ်စစ် ဝန်ထမ်းအိမ်ယာကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိကာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် ရဲစခန်း အနောက်ဘက်ရှိ သုံးထပ်ဝန်ထမ်းအိမ်ယာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကျဲချသော ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် မြို့နယ်ထွေအုပ် NON CDM စာရေး ကိုဇင်မောင်၏ အမျိုးသမီးဖြစ်သူ မမျိုးဦးနှင့် သားဖြစ်သူ သေဆုံးခဲ့ပြီး ကိုဇင်မောင်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် မြို့ပေါ်ရှိ နေအိမ်များတွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကိုလည်း ကျားသစ်နက် တပ်မတော်စစ်ဦးစီး ကိုကိုနိုင် ဦးစီးကာ ၃ ရက်ဆက်တိုက် ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ပိတ်မိနေသူများ မရှိတော့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ အနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မြို့တွင်း အခြေအနေကိုတော့ ပြောလို့မရသေးပါဘူး။ ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်လာတာပါ။ ပိတ်မိနေတဲ့ သူတွေတော့ မရှိတော့ပါဘူး။ ပျက်စီးမှုတွေတော့ များမယ်။ သေချာတော့ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေ ထိခိုက်သေဆုံးမှုအခြေအနေတော့ ထပ်မသိရသေးဘူး” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကယ်ထုတ်လာသည့် ပြည်သူ ၁၀၀၀ ကျော်သည် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ်တွက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article