ရန်ကုန်၊ နိုဝင်ဘာ ၁၅
ဧရာ၀တီမြစ်တစ်လျှောက် မြစ်ရေစမ်းသပ်စစ်ဆေးမှုအရ မြစ်ကြီးနား၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများအပြားတွင် အဆိပ်သင့်သတ္တုများ ရေတွင်း ပျော်ဝင်နေမှု မြင့်မားစွာ တွေ့ရှိရကြောင်း ဧရာဝတီမြစ်ရေများကို ဓာတ်ခွဲစစ်ဆေးသည့် Myanmar Resource Watch (MRW )ထံမှ သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစတင်ပြီး ဧရာဝတီမြစ် မြစ်ဖျားခံရာ ကချင်ပြည်နယ် ချီဖွေဒေသမှာ တရားမဝင် မြေရှားဓာတ်သတ္တုတူးဖော်မှု သိသာစွာမြင့်တက်လာခဲ့ပြီး မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်နှင့် မြစ်အတွင်းမှာပါ တရားမဝင် ရွှေသတ္တုတူးဖော်မှု လွန်စွာများပြားလာသည့်အတွက် မြစ်ရေစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ယခုကဲ့သို့ အဆိပ်သင့်သတ္တုများ ရေတွင်းပျော်ဝင်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု MRW ထံမှ သိရသည်။
မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံ၊ ကဒက်ကျွန်းနဲ့ နောင်ချိန်းကျေးရွာ၊ ဗန်းမော်မြို့နယ်ရှိ မြစေတီကျေးရွာ၊ ကျွန်းကြီးကျေးရွာနဲ့ ဗန်းမော်မြို့၊ ကသာမြို့၊ ရွှေကူမြို့၊ တကောင်းမြို့၊ ကျောက်မြောင်းမြို့ (နွယ်ငြိမ်းကျေးရွာ)၊ မန္တလေးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ ပြည်မြို့၊ ဟသာႅတမြို့နှင့် ဇလွန်မြို့ကြားက (ဒေါင့်ကြီးကျေးရွာ) ဓနုဖြူမြို့၊ ညောင်တုန်းမြို့နှင့် မအူပင်မြို့ကြား (ချောင်းကြီးကျေးရွာ) စသည့် ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာမြို့များနှင့် ကျေးရွာများတလျှောက် ရေနမူနာများကို ကောက်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု Myanmar Resource Watch (MRW )မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မြစ်ကြီးနားနှင့် စစ်ကိုင်းတိုင်း၊ စက်တင်ဘာလတွင် မန္တလေး၊ မကွေး၊ ဧရာ၀တီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ရေအရည်အသွေးကို MRWက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးချက်များအရ ကချင်ပြည်နယ်အတွင်း ချီဖွေရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏နေရာ၌ ရှိသော ရေထဲတွင် ခဲ(Lead)400µg/L၊ ပြဒါး (Mercury) 67µg/L၊ Cadmium (10µg/L)နှင့် Manganese (1100µg/L) ဓာတ်များမှာ အန္တရာယ်ကင်းသည့် သတ်မှတ်ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ မြင့်မားနေသည်ဟု MRW က ဆိုသည်။ မြစ်ဆုံ၊ ဗန်းမော်၊ တကောင်းနှင့် အခြားနေရာအများအပြားမှာ လည်း အလားတူပုံစံများကို တွေ့ရှိခဲ့ရသည်ဟု MRW ထံက သိရပါသည်။
မြစ်ကြီးနားမြို့က မြစ်ဆုံ(10µg/L)၊ ဗန်းမော်မြို့နယ်အတွင်းက မြစေတီ (20µg/L)နဲ့ ကျွန်းကြီးကျေးရွာ(10µg/L) ၊ တကောင်း (20µg/L)၊ ကျောက်မြောင်း(20µg/L)၊ မန္တလေး(30µg/L)၊ ချောက်(20µg/L) ဒေါင့်ကြီး (10µg/L) စသည့်မြို့နှင့် ကျေးရွာများကရေထဲတွင် Cadmium ဓာတ်သတ္တုပါဝင်မှု မြင့်တက်နေသည်ကို တွေ့ရသည်။
မြစ်ကြီးနားမြို့နယ်အတွင်းက နောင်ချိန်းကျေးရွာ(100µg/L)၊ ဗန်းမော်မြို့နယ်က ကျွန်းကြီးကျေးရွာ(100µg/L)၊ စစ်ကိုင်းတိုင်းအတွင်းက ကသာ(200µg/L)၊ မန္တလေး(100µg/L)၊ ချောက်(120µg/L)၊ ဒေါင့်ကြီး(150µg/L)၊ ဓနုဖြူ(100µg/L) နဲ့ ညောင်တုန်းမြို့(100µg/L)များတွင် ခဲသတ္တုပါဝင်မှုဟာ အခြားစစ်ဆေးသည့်မြို့များထက် များပြားနေကြောင်း MRW ထံမှ သိရသည်။
မဂ္ဂနီစ်သတ္တုပါဝင်မှုမှာမူ မြစ်ကြီးနားမြို့နယ်အတွင်းက နောင်ချိန်းကျေးရွာ(1100µg/L)နှင့် ကဒက်ကျွန်း(1000µg/L)၊ ဗန်းမော်မြို့နယ်က မြစေတီ(400µg/L)၊ ရွှေကူ၊(400µg/L) စစ်ကိုင်းတိုင်းအတွင်းက ကျောက်မြောင်း(700µg/L)၊ မန္တလေး(400µg/L)၊ ပြည်(700µg/L)၊ ဒေါင့်ကြီး(700µg/L)၊ ဓနုဖြူ(1400µg/L)နှင့် ညောင်တုန်းမြို့(700µg/L)၊ ချောင်းကြီးကျေးရွာ(500µg/L)များတွင် မြင့်တက်နေသည်ကို တွေ့ရသည်။
“ကမ်းဘေးနီးတဲ့သူတွေကြ အဲဒါ ( မြစ်ရေ ) ပဲသောက်ရတာ။ တချို့ ကျွန်တော်တို့ဆိုရေဘောင်နီးနေပြီဆိုရင် အဲဒါပဲ သောက်ရတယ်။ ကျောက်ချဥ်တို့ဘာတို့နဲ့ အကြည်ခံပြီးတော့ အဲဒါမျိုး သောက်ရတာ။ ကျွန်တော်တို့နေရာတွေက ရေမြုပ်ကွင်းတွေဆိုတော့ လက်တဖောင်လောက်ရှိတော့ တုံကင်တွေဘာတွေက လုပ်လို့မရဘူး။ မရတော့ အဲ့ကောင်ကို ရေအတင်ခံပြီးတော့ ကျောက်ချဉ်နဲ့ သုံးရတယ်” ဟု ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူ တံငါသည်တစ်ဦးက ပြောကြားသည်။
ထို့အပြင် မြစ်ကြီးနားမြို့နယ်အတွင်းက ကဒက်ကျွန်း(23µg/L)၊ ဗန်းမော်မြို့နယ်အတွင်းက မြစေတီ(65µg/L)နဲ့ ကျွန်းကြီး(4µg/L)၊ မန္တလေး(16µg/L)၊ ချောက်(4µg/L)၊ မင်းဘူး(3µg/L)၊ ဓနုဖြူ (34µg/L)နှင့် ချောင်းကြီး(23µg/L)စသည့်နေရာများတွင် ပြဒါးများစွာ ပါဝင်နေသည်ကို တွေ့ရသည်။
အဆိပ်သင့်သတ္တုများဖြစ်သည့် Lead၊ Mercury၊ Cadmium နှင့် Manganese များ ရေထဲမှာ သတ်မှတ်စံချိန်ထက် များပြားစွာတည်ရှိနေခြင်းသည် လူ၊ တိရိစ္ဆာန်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ အထူးသဖြင့် မြစ်ရေကို သောက်သုံးသူတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဧရာဝတီမြစ်ကြောင်းတလျှောက်နေထိုင်သူများသည် ယခုချိန်ထိလည်း မြစ်ရေကို သောက်သုံးနေဆဲ ဖြစ်သည်။
” ဒီ lead တို့ဘာတို့ဆိုရင် ဘာလို့အရေးကြီးလဲဆိုရင် lead posioning ကလေးလေးတွေမှာ ဖြစ်တာပေါ့နော်။ ကလေးလေးတွေ lead toxicity နဲ့ poisioning နဲ့ ဘာတွေဖြစ်တတ်လဲဆိုရင် ဦးနှောက်ကို သွားထိခိုက်တာမျိုးတွေပေါ့။ ကိုယ်ဝန်ဆောင်သည်တွေကိုလည်း သွားထိခိုက်နိုင်တာပဲပ ေါ့နော်။ မမွေးခင်ကတည်းကလေ။ မမွေးခင်ကတည်းက ဒီအမေက ဒါကိုသောက်ရင် ကိုယ်ဝန်ဆောင်တွေမှာ ကလေးတွေကိုလည်း သွားထိခိုက်နိုင်တာပေါ့ ” ဟု ဆရာဝန်တစ်ဦးက ပြောကြားသည်။
အဆိပ်သင့် ဓာတ်သတ္တုများ ဧရာဝတီမြစ်ရေထဲ ရောက်ရှိသွားခြင်းသည် မြစ်အတွင်း ရေနေသတ္တုဝါများနှင့် မြစ်၏ဂေဟစနစ်ကိုလည်း ထိခိုက်စေနိုင်သည့်အတွက် ရေနေသတ္တဝါများ၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်း၊ မျိုးတုန်းပျောက်ကွယ်ခြင်းအန္တရာယ်နှင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ လက်ရှိတွင် အချို့ငါးမျိုးစိတ်များ သိသိသာသာလျော့နည်းလာခြင်း၊ ဖမ်းဆီးမြင်တွေ့ရမှု နည်းပါးသွားခြင်း ကြုံတွေ့လာနေရပါပြီ။
” ငါးဇင်းပြားတို့၊ ငါးပိုက်ကိုက်တို့၊ ငါးသိုင်းတို့ ဒိုးငယ်ငယ်တုံးက စားရတယ်၊ အခုမစားရဘူး။ မြင်တောင် မမြင်ဖူးတော့ဘူး “ဟု ဧရာဝတီမြစ်တွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးတံငါသည် တစ်ဦးက ပြောသည်။
ဧရာ၀တီမြစ်ကို လက်ရှိအခြေအနေကနေ ပိုမိုပြီးထပ်မံမပျက်စီးအောင် ကာကွယ်ရန်နှင့် ဧရာဝတီမြစ်၏ ကျန်းမာရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ရမှာလည်း ဖြစ်သည်။
” အရင်ကတည်းကမှ ဒီမြစ်ချောင်းအင်းအိုင်ထိန်းသိမ်းဖို့နဲ့ ရေထုညစ်ညမ်းမှုဆိုင်ရာ ခိုင်မာအားကောင်းတဲ့ဥပဒေတွေ မရှိနေတဲ့အခြေအနေမှာ တော်လှန်ရေးဖြစ်လိုက်တဲ့အခါကြတော့ အာဏာလေဟာနယ် ဖြစ်သွားတဲ့နေရာတွေ အများကြီးဆိုတော့ ဒီဟာကို ပြည်နာမှ ငွေရှာကောင်း ဆိုသလို ဒီဟာကိုအခွင့်အရေးယူပြီးတော့ ဝိသမလောဘသားတွေကနေ သယံဇာတတွေကို အလွန်အမင်း တူးဖော်ထုတ်ယူလာတွေပေါ့”ဟု စစ်ကိုင်းတိုင်းဒေသခံ အရပ်ဘက်တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
ဓာတ်ပုံများနှင့် Data အချက်အလက်ပုံများ – Myanmar Resource Watch (MRW )
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar