34 C
Yangon

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ပါက မိခင်နိုင်ငံသို့ အချိန်မီ ပြန်လာရန် စစ်ကောင်စီက တရားဝင်ညွှန်ကြားစာ ထုတ်ပြန်၊ ပြည်ပရောက် မြန်မာအများစုက စစ်မှုထမ်းရေး ပြန်လာရန် မရှိဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာများ စစ်မှုထမ်းရေး မြန်မာနိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်ခြင်းနှင့် ကတိစာချုပ် လက်မှတ်ရေးထိုးခိုင်းခြင်းများ လုပ်ဆောင်နေသော်လည်း အများစုသော မြန်မာများက ပြန်လာမည်မဟုတ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်ပသို့ ထွက်ခွာသွားသော မြန်မာအလုပ်သမားများသည် ပြည်ပတွင် အလုပ်လုပ်နေစဉ် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရပါက မိခင်နိုင်ငံသို့ အချိန်မီ ပြန်လာ၍ စစ်မှုထမ်းရန် လက်မှတ်ရေးထိုးခဲ့ကြရ ကြောင်းသိရှိရသည်။

“ထိုင်း MOU နဲ့ ဂျပန်သင်တန်းသားတွေထဲက အဲဒီစာချုပ် လက်မှတ်ထိုးလိုက်ရတဲ့ အလုပ်သမားတွေရှိပါတယ်။ စစ်မှုထမ်းခိုင်းရင် ပြန်လာပါမယ်ဆိုတဲ့ စာချုပ်ကို မီသွားတဲ့

လက်မှတ်ထိုးလိုက်ရတဲ့ မြန်မာအလုပ်သမားတွေ ရှိပါတယ်” ဟု ရန်ကုန်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အေဂျင်စီနှင့် ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို လက်မှတ်ရေးထိုးခိုင်းသည့် စည်းကမ်းချက်များတွင် စစ်မှုထမ်းရေးစည်းကမ်းချက် အသစ်ပါဝင်လာကြောင်း၊ ယင်းစည်းကမ်းချက်မှာ အေဂျင် စီသည် ပြည်ပနိုင်ငံသို့ စေလွှတ်သည့် အလုပ်သမားအား ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရပါက ၃ နှစ် စာချုပ်သက်တမ်းပြည့်ချိန် မိခင်နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းဆောင်နိုင်ရေး သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားကို အသိပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရမည်ဟု စစ်ကောင်စီက စည်းကမ်းချက် အသစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ပြည်ပရောက် မြန်မာအလုပ်သမားများက စစ်မှု ထမ်းရန် မိခင်နိုင်ငံသို့ ပြန်လာရမည်ဆိုသော စစ်ကောင်စီ ၏ သတ်မှတ်ချက်ကို မလိုက်နာနိုင်ကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ စထွက်ကတည်းက စစ်အာဏာရှင် မရှိတော့မှ တော်လှန်ရေးအောင်မှ ပြန်လာမယ်ဆိုပြီး ထွက်တာပါ။ စစ်မှုမထမ်းချင်လို့ကို ပြည်ပထွက်တာပါ” ဟု ထိုင်းနိုင်ငံရောက် MOU အလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်းရှိ အမျိုးသားလူငယ်မှန်သမျှကို ပြည်ပနိုင်ငံသို့ PV၊ PJ နိုင်ငံကူးလက်မှတ်များဖြင့် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့် တရားဝင် ပိတ်ပင်ထားပြီဖြစ်သည်။

အကယ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများက ၃ နှစ်ပြည့်သည်တိုင် စစ်မှုထမ်းရန် ပြန်မလာပါက ပြည်ပသို့ ပို့ဆောင်ပေးခဲ့သည့် အေဂျင်စီများက တာဝန်ယူရမည်ဖြစ်ပြီး ပထမဆင့်အနေဖြင့် ၃ နှစ်ပြည့် ပြည်ပရောက် မြန်မာအလုပ်သမားများကို ပြည် တော်ပြန် စစ်မှုထမ်းရန် မခေါ် ဆောင်နိုင်ပါက သက်ဆိုင်ရာ အေဂျင်စီကို ဒဏ်ကြေးဆောင်ခိုင်းခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ပြခွင့် ဆိုင်းငံ့ခြင်း၊ အေဂျင်စီလိုင်စင်ပိတ်သိမ်းခြင်းနှင့် အမည်ပျက်စာရင်း ကြေညာခြင်း စသည့် အရေးယှုမှုများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီစည်းကမ်းချက်အသစ်က အေဂျင်စီတွေအတွက် အတော်ကို အခက်အခဲဖြစ်စေမှာပါ။ ပြည်ပရောက်နေတဲ့ သူကို စစ်မှုထမ်းဖို့ ကျနော်တို့က ဘယ်လိုသွားခေါ်ရမှာလဲ။ သူက လာချင်တဲ့ ဆန္ဒမရှိရင် ဘယ်လိုမှ ခေါ်လို့မရပါဘူး။ အေဂျင်စီတွေက သွားဖမ်းပြီး လေယာဉ်ပေါ် ဆွဲတင်လို့ ရတာလည်းမဟုတ်ဘူး။ ဒါကြီးက သပ်သပ်ကျနော်တို့ကို ခြိမ်းခြောက် အကျပ်ကိုင်သလိုဖြစ်နေပါတယ်” ဟု ရန်ကုန်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရေး မိခင်နိုင်ငံ ပြန်လာရန် ညွှန်ကြားစာကို မေ လ ၁၄ ရက်နေ့ နေ့စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနအမည်ခံ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အောက်တိုလဘာလနှောင်းပိုင်းမှစတင်ကာ ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို အတင်းအကျပ် စာချုပ် လက် မှတ် စတင်ရေးထိုးခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article