34 C
Yangon

စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တပ်ဒကစနှင့် ဗျူဟာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်း ပုံအတိုင်း ပြင်ဆင်ဖွဲ့စည်း၊ နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တပ်ဗျူဟာယန္တရား၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ယန္တရားများကို ဖွဲ့စည်းပုံအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာလအတွင်း အဆိုပါ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဖွဲ့စည်းပုံ၊ လောက်ကိုင်ဒကစနှင့် ကွမ်းလုံဗျူဟာတို့ကို မိုင်းရယ်မြို့တွင် အခြေပြု၍ လည်းကောင်း ပြင်ဆင် ဖွဲ့စည်းထားရှိကြောင်း၊ လတ်တလော စစ်တပ်က ဖွဲ့စည်းထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗျူဟာမှူးနှင့် ဒကစမှူးများသည် တပ်ရင်းနေရာ အထိုင်မရှိသော်လည်း နယ်မြေများကို ပြန်လည် သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး ပြင်ဆင်ဖွဲ့စည်းထားရှိခြင်းဖြစ် ကြောင်း သိရှိရသည်။

“စစ်ရုံးက ဆုံးရှုံးသွားတဲ့ ရမခ ဖွဲ့စည်းပုံအတိုင်း တိုင်းစစ်ဌာန၊ ဒကစနဲ့ ဗျူဟာဌာနတွေကို ပြန်လည် ဖွဲ့စည်းထားတဲ့ အမိန့်တွေ ထွက်ရှိထားပါတယ်။ ရမခ တိုင်းမှူး၊ ဒကစမှူး၊ ဗျူဟာမှူး စတဲ့လိုအပ်တဲ့ စစ်အင်္ဂါစဉ်အတိုင်းပြန်လည် ဖွဲ့စည်းထားတယ်။ လတ်တလောတော့ မိုင်းရယ်မှာ အခြေပြုထားပါတယ်။ အဲဒါတွေက နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ပြီးတဲ့အခါမှာ ချက်ချင်း ရုံးထိုင်ပြီး ပြန်လည် လည်ပတ်နိုင်ရေး ပြင်ဆင်ထားရှိခြင်းလည်းဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ဆိုသည်။

အလားတူ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဆုံးရှုံးသွားသော မြို့နယ်များမှ အရပ်ဘက် အုပ်ချုပ်ရေး ယန္တရားများကိုလည်း နီးစပ်ရာ မြို့နယ်များတွင် ဖွဲ့စည်းပုံ အပြည့် ပြန်လည် ဖွဲ့စည်းထားရှိကြောင်း၊ အဆိုပါ မြို့နယ် ဆုံးရှုံးထားသော အုပ်ချုပ်ရေး ယန္တရားများသည် အုပ်ချုပ်ရန် မြို့နယ် မရှိတော့သော်လည်း ယန္တရားကိုမူ ဖွဲ့စည်း လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလော မန္တလေးတိုင်းအတွင်း ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာ ရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို မန္တလေးမြို့ပေါ်တွင် အခြေပြု၍ လည်းကောင်း၊ စစ်ကိုင်းတိုင်းအတွင်း ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို မုံရွာမြို့ပေါ်တွင် အခြေပြု၍ လည်းကောင်း၊ ကယားပြည်နယ်တွင် ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို လွိုင်ကော်မြို့နှင့်တောင်ကြီးမြို့ပေါ်တွင် အခြေပြု၍ လည်းကောင်း၊ ရှမ်းမြောက်ပိုင်းတွင် ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာ ရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို တောင်ကြီးမြို့တွင် အခြေပြု၍ လည်းကောင်း၊ ကချင်ပြည်နယ်တွင် ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာ ရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို မြစ်ကြီးနားမြို့တွင် အခြေပြု၍ လည်းကောင်း၊ ချင်းပြည်နယ်တွင် ဆုံးရှုံးသွားသော မြို့နယ်များ၏ ဌာနဆိုင်ရာ ရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ဟားခါးမြို့တွင် အခြေပြု၍လည်းကောင်း ပြန်လည် ဖွဲ့စည်းထားကြောင်း၊ အဆိုပါ အစားထိုး ဖွဲ့စည်းထားသော ဌာနဆိုင်ရာရုံးများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှာ ယန္တရားအဖြစ် ပြန်လည် လည်ပတ် ရုံးတက်နေကြောင်း သိရှိရသည်။

“မြို့နယ်တွေက ရုံးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို နီးစပ်ရာ မြို့တော်တွေမှာ ပြန်လည်ဖွဲ့စည်းပြီး လည်ပတ်ခိုင်းနေတယ်။ ဥပမာဆိုရင် မိုးကုတ် ၊ မတ္တရာ ၊ သပိတ်ကျင်းမြို့နယ်တစ်ခုလုံးက ဆုံးရှုံးသွားပေမယ့် ယာယီရုံးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အခု မန္တလေးမြို့ပေါ်မှာ ဖွင့်လှစ်ပေးထားပါတယ်။ မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ပတ်သက်တဲ့ လ၀ကရုံး၊ ထွေ/အုပ်ရုံးတွေက မန္တလေးမြို့ပေါ်မှာ ယာယီရုံးစိုက်ပြီး နေ့တိုင်းရုံးတက်နေရတယ်။ အလားတူပါပဲ ကနီ၊ တန့်ဆည်၊ ဒီပဲယင်းလို ပင်လည်ဘူးလို မြို့နဲ့ မြို့နယ်ရုံးတွေကိုလည်း မုံရွာမြို့ပေါ်မှာ ယာယီရုံးစိုက် ဖွင့်လှစ်ခိုင်းပြီး ဝန်ထမ်းတွေ အားလုံးရုံးတက်နေရပါတယ်။ အခြားမြို့နယ်တွေအားလုံးလည်း အလားတူပါပဲ။ ဒီရုံးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက နယ်မြေတွေ ပြန်လည်သိမ်းပိုက်ပြီးတာနဲ့ ချက်ချင်း သက်ဆိုင်ရာမြို့နယ်တွေဆီမှာ အစားထိုးနိုင်ဖို့ဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့ပေါင်း ၈၈ မြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article