24 C
Yangon

နောင်ချိုနှင့် ရေစကြိုမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အကြမ်းဖက် စစ်ကောင်စီက နောင်ချိုမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့ကို ယနေ့ နံနက်အစောပိုင်း စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

TNLA က သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်သို့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၈ မိနစ်အချိန်၊ ၀၀ နာရီ ၄၁ မိနစ်အချိန်နှင့် နံနက် ၁ နာရီအချိန်တို့တွင် စစ်လေယာဉ်များဖြင့် ဗုံး ၃ ကြိမ် ကျဲချခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်ပေါ်မှလည်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

“နောင်ချိုမြို့ပေါ်ကိုတော့ နေ့တိုင်းလိုလိုကို လေယာဉ်တွေဝဲလိုက်၊ စစ်လေယာဉ်တွေနဲ့ ဗုံးကျဲလိုက် လုပ်နေတာ။ ကျနော်တို့ ပြည်သူတွေလည်း ကျီးလန့်စာစားနေရတဲ့ဘ၀ပါပဲ။ အခုလည်း ဗုံးကျဲသွားတာ သေဆုံးမှု အခြေအနေ မသိရှိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီ ၃၀ အချိန် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်ကိုလည်းကောင်း ၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နောင်ချိုမြိုနယ် လုံစံကျေးရွာကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နောင်ချိုမြိုအတွင်းသို့လည်းကောင်း စစ်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွက် ကလေးငယ် ၁ ဦး သေဆုံးပြီး အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၂၄ မိနစ်အချိန် မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရေစကြိုမြို့နယ် သဲတောရွာမြောက်ဘက်သို့ စစ်လေယာဉ်ဖြင့် ဗုံး ၁ လုံး၊ ကျောက်လှေခါးရွာမြောက်ဘက်သို့ စစ်လေယာဉ်ဖြင့် ဗုံး ၁ လုံး ကျဲချသွားကြောင်း၊ ထို့ပြင် နံနက် ၆ နာရီအချိန် သဲတောကျေးရွာသို့ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရေစကြိုထဲကို စစ်ကြောင်းထိုးနေတာပါ ။ အခုတော့ ပြည်သူတွေတော့ ထွက်ပြေးနေရတယ်” ဟု ရေစကြို သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – နိုဝင်ဘာလ ၁၇ ရက်နေ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နိုဝင်ဘာလ ၁၇ ရက်နေ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article