24 C
Yangon

ရွှေဘိုနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးလာခြင်းတို့ကြောင့် ညအချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ညအချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ဒုတိယအပတ်တွင် စစ်ကောင်စီတပ်များက ရွှေဘိုမြို့ ၊ မင်းကုန်းဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲလာကြောင်း၊ ရွှေဘိုမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်တပ်နှင့် မင်းကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်တို့က ညအချိန် ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျေးရွာများကို ညအချိန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် ပြည်သူများ မနေရဲတော့ဘဲ ညပိုင်းအချိန် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ မင်းကုန်းဘုန်းကြီးကျောင်းနဲ့ တိုင်းရင်းဆေးရုံကို စစ်တပ်တွေ ထပ်ရောက်လာတယ်။ ရောက်လာတာ ၅ ရက်ရှိပြီ။ ညဘက်ဆိုရင် လက်နက်ကြီးတွေနဲ့ ရွှေဘိုအနောက်ဘက် ကျေးရွာတွေကို ပစ်ခတ်တယ်။ ညအချိန်မတော် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်ရတယ်။ နောက်ပြီး တိုင်းရင်းဆေးရုံအနောက်ဘက်မှာရှိတဲ့ သရဲကုန်းရပ်ကွက်က ပြည်သူတွေကိုလည်း စစ်တပ်က ထမင်းထုပ်ပေးပိုရမယ်ဆိုပြီး ခြိမ်းခြောက် ပို့ခိုင်းတယ်။ ညဆိုရင် စစ်တပ်က မင်းကုန်မူးဘောင်အထိရောက်လာပြီး လက်နက်ကြီးနဲ့ပစ်လို့ အိုးဘိုရွာ၊ ကင်းဗျာရွာနှင့်ချီပါရွာတွေက ပြည်သူတွေ နီးစပ်ရာရွာတွေကို ရှောင်တိမ်းအိပ်ကြပြီး နောက်တစ်နေ့မှာ ကိုယ့်ရွာကိုပြန်ကြတယ်။ ညပိုင်းပြေး မနက်ပိုင်း ရွာပြန် လုပ်နေရတာ ၄ ရက်ရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများနှင့် ပျူစောထီးကျေးရွာများသို့ ရိက္ခာများ ပေးပို့ရန်အတွက် စစ်တပ်က နေရာသစ်များတွင် တပ်စွဲကာ စစ်ကြောင်းထိုး၍ ရိက္ခာပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေသပြည်သူများက ဆိုကြသည်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ် သူဌေးကုန်းရွာသို့လည်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ အကြမ်းဖက်စစ်တပ်သည် အနောက်မြောက်ခြမ်း မြွေဥဒိန်ရွာမှ သူဌေးကုန်းရွာသို့ ခန့်မှန်း အင်အား ၇၀၀ ခန့်ဖြင့် စစ်တပ်က စစ်ကြောင်း ထိုးလာကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ သိရသလောက်ကတော့ မဖြစ်သေးဘူး။ ကျွန်တော်တို့ ဒေသခံတွေကတော့ အကုနနေရပ်က နေထွက်ပြေးနေကြရပြီ။ မပြေးလို့လည်း မရဘူးလေ။သူတို့က တွေတဲ့သူတိုင်းကို ဖမ်းဆီးသတ်ဖြတ်နေတာ။လွတ်အောင်ပြေးနိုင်မှ တော်ကာကျတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု ပြန်လည်ရရှိစေရန်အတွက် ခြေလျှင်စစ်ကြောင်းသာမက ဝေဟင်ပစ်ကူအပါအဝင် လက်နက်ကြီးများဖြင့်ပါ ပစ်ကူထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်နေခြင်း ဖြစ်ကြောင်း မန္တလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

” မတ္တရာမြို့တောင်ဘက် ကျုံးရွာက ခန့်မှန်း အင်အား ၁၀၀ ခန့်ပါ စကစ၊ ပျူ ပြည်သူ့စစ်တွေ အနောက်ဘက် ရွှေချောင်းပျူရွာကတစ်ဆင့် အနောက်ဘက်၊ ဆောက်ခြုံပေါက်ရွာဘက်ကို စစ်ကြောင်းထိုးနေတာလည်းရှိတယ်။တစ်ဆက်တည်းမှာ တင်ငယ်တိုးရွာ စကစအထိုင်က လက်နက်ကြီးပစ်ကူပေးနေတာလည်းရှိတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပဲလို့ ပြောရမယ်”ဟု မန္တလေးမြို့နယ် ပြည်သူကာကွယ်ရေးရဲ ဘော်တစ်ဦးက ပြောဆိုသည်။

ထိုသို့ စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မတ္တရာ မြို့နယ်အနောက်ခြမ်းမှ ပြည်သူများသည် နေရပ်စွန်ခွာနေကြရပြီး အစားအသောက်နှင့် ဆေးဝါးအပါအဝင် အနွေးထည်နှင့်ခြုံစောင်များ အရေးတကြီးလိုအပ်နေကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article