ရန်ကုန်၊ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးအုပ်ရွာနှင့် ဘန်စီရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မုံရွာမြို့နယ်၊ ရွှေမြင်တင်တောင် ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အဆို ပါ PDF စခန်း အနီးအနားဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက် ပစ်ခတ်စီးနင်းကြောင်း၊ ကျေးရွာများမှ ပြည်သူ ၂၀ ဦးကျော်ခန့်ကိုလည်း စစ်တပ်u ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင်မူ စစ်တပ်စစ်ကြောင်းက မုံရွာမြို့နယ်၊ ကြီးအုပ်ရွာသို့ ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ကြီးအုပ်ရွာမှ ဘန်စီရွာသို့ ထွက်ခွာလာစဉ် ပြည်သူတချို့ကိုလည်း ထပ်မံဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ကာရံကာ ဘန်စီရွာအတွင်းသို့ ထပ်မံဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်း စစ်တပ်က ဘန်စီရွာတွင် တပ်စွဲပြီး ကြီးအုပ်ရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် ကျေးရွာ ၇ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ကြီးအုပ်ရွာက နေအိမ်တွေကို မီးရှို့သွားတယ်။ ကြီးအုပ်ကနေ ဘန်စီရွာဘက်ကို ထွက်လာတော့ ပြည်သူတချို့ကို လူသားဒိုင်းလုပ်သွားပြီး ပြန်လွှတ်၊ မလွှတ် မသိရသေးဘူး။ ညပိုင်းကလည်း ဘန်စီရွာဘက်ကနေ ကြီးအုပ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခွေးစစ်ကြောင်းက နမခ ကနေ ထွက်လာတဲ့စစ်ကြောင်းပါ။ မုံရွာမြို့နယ်အတွင်းမှာ စစ်ကြောင်းပတ်ထိုးနေတာ။ မုံရွာမြို့နယ် တဝိုက် မုံရွာအရှေ့ ရွှေမြင်တင်ဘက်မှာလည်း စစ်ကြောင်းထိုးတာ PDF စခန်း ၁ ခုအစီးနင်း ခံရပြီး လက်လုပ်သေနတ်တချို့ ပါသွားတယ်။ အနီးအနားက ပြည်သူ ၂၀ လောက်ကို ဖမ်းထားပြီးတော့ အဲဒီအထဲက ပြည်သူ ၄ ဦးကို PDF ဆိုပြီး စစ်ခွေးတွေက လိမ်လည် သတင်းထုတ်ပြန်တာတွေရှိတယ်။ PDF တွေ အကုန်လွတ်မြောက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းများက မုံရွာမြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ် ဆောင်နေသည့်အပြင် မုံရွာမြို့ပေါ်တွင်လည်း လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း၊ အခြားတစ်ဖက်တွင်လည်း မုံရွာမြို့ပေါ်မှ လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ညပိုင်း မီးရှို့ဖျက်ဆီးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar