26 C
Yangon

ရခိုင်စစ်မြေပြင်တွင် သေဆုံးနှင့် ပျောက်ဆုံးစာရင်းဝင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅၀၀ နီးပါးရှိလာ၊ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း သင်တန်းသား တပ်သားသစ် ၅ ဦးထွက်ပြေးလွတ်မြောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်စစ်မြေပြင်များသို့ စေလွှတ်လိုက်သော စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအနက်မှ တပ်သားသစ် ၅၀၀ နီးပါး သေဆုံး (သို့မ ဟုတ်) ပျောက်ဆုံးစာရင်း အသွင်းခံထားရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်ပြီး ရခိုင်စစ်မြေပြင်သို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ဆက်တိုက် စေလွှတ်လျက်ရှိရာ လက်ရှိ စစ်ရုံးက တရားဝင်လက်ခံရရှိ မှတ်ပုံတင်ထားသော ကိန်းဂဏန်းများအရ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် ၅၀၀ နီးပါး သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသွင်းထားပြီးဖြစ်ကြောင်း၊ မည်သည့် သတင်းမှ မရရှိတော့ဘဲ အဆက်အသွယ်ပြတ်တောက်နေသူများလည်း ရာဂဏန်းအထက်ရှိနေကြောင်း သိရှိရသည်။

“စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၄ အတွင်း ရခိုင်စစ်မြေပြင်ကို စေလွှတ်တဲ့ စစ်မှုထမ်း ပသစ တွေထဲမှာ သေဆုံး(သို့မဟုတ်) ပျောက်ဆုံး ကြေးနန်း စာရင်းဝင်တာ ၅၀၀ နီးပါးရှိနေပါပြီ။ သတင်းမရဘဲ သတင်းမရောက်ဘဲ ပျောက်နေတာ(သို့မဟုတ်) လက်နက်ချတာ(သို့မဟုတ်) တိုက်ပွဲကျတာလည်း ရာဂဏန်းအထက်မှာပဲရှိနိုင်တယ်။ ဒါက ရခိုင်စစ်မြေပြင်တစ်ခုတည်းအရေအတွက်ပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

AA သတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၇၀ နီးပါး AA ထံတွင် လက်နက်ချ အလင်းဝင်ခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခြင်းများ ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ စစ်မှုထမ်း သင်တန်းတက်ရန် အတင်းအဓမ္မ ပို့ဆောင်ခြင်းခံရသော သင်တန်းသား တပ်သားသစ် ၅ ဦး ထွက်ပြေးသွားသဖြင့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စီးနင်းရှာဖွေနေကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ပုသိမ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေမြင်တင် လေ့ကျင့်ရေး ၆ သင်တန်းကျောင်းသို့ အတင်းအဓမ္မ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ် ၅ ဦး ထွက်ပြေးလွတ်မြောက်သွားသဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စီးနင်းရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော လူငယ် ၅ ဦးကို အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်အထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ စစ်သင်တန်းကျောင်းအနီးရှိ ကွမ်းယားကုန်းကျေးရွာနှင့် ကြည်သာ အရှေ့ ကျေးရွာတို့ကို စစ်တပ်က ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ရွှေမြင်တင် လေ့ကျင့်ရေး ၆ ကိုပို့ဆောင်ခံရတဲ့ စစ်မှုထမ်း တပ်သားသစ် ၅ ဦး ထွက်ပြေးသွားတာလို့ သိရတယ်။ စစ်တပ်က ဘယ်နေ ပေါ်တာဆွဲ ဖမ်းဆီးလာတယ်ဆိုတာတော့ မသိရသေးဘူး။ အခုလက်ရှိတော့ အကြမ်းဖက် စစ်သားတွေက ကွမ်းယားကုန်းကျေးရွာဘက်ကို အင်အား ၁၅ ဦး နဲ့ ကြည်သာ အရှေ့ ကျေးရွာဘက်ကို အင်အား ၁၀ ဦးလောက်နဲ့ ပိတ်ဆို့တာတွေ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်။ အခုထိတော့ ရှာမတွေ့သေးဘူးလို့ သိရတယ်” ဟု ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်းရန် လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ မဲနှိုက်ဆင့်ခေါ်မှုများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်မှုထမ်းအပတ်စဉ် ၈ သို့ ရောက်ရှိနေပြီဖြစ်ကာ စစ်မှုထမ်းအပတ်စဉ် ၁ ခုလျှင် အနည်းဆုံး လူငယ် ၅၀၀၀ နီးပါး ခေါ်ယူလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနိုဝင်ဘာလအတွင်း ဖွင့်လှစ်လိုက်သော စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ သင်တန်းသားများနှင့် စစ်ကောင်စီအရာရှိကြီးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနိုဝင်ဘာလအတွင်း ဖွင့်လှစ်လိုက်သော စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ သင်တန်းသားများနှင့် စစ်ကောင်စီအရာရှိကြီးများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article