30 C
Yangon

နွားထိုးကြီး၊ နဘဲမြစ်ရွာရှိ ကိုရီးယား ဘာသာစကား သင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံး၊

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာရှိ ကိုရီးယား ဘာသာစကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအပြင်ဘက်တွင် ဖွင့်လှစ်ထားသော ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့တာ ဗုံးက ရွာရဲ့ အပြင်ဘက် ခြံထဲမှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယား ဘာသာစကား သင်တန်းကျောင်းပေါ်ကို ကျရောက် ပေါက်ကွဲခဲ့လို့ ကျောင်းအိပ် ကျောင်းစားနေတဲ့ အသက် ၂၀ ကျော် အရွယ် ကျောင်းသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်။ အဲ့ကျောင်းသား ၂ ဦးက ပြင်ဦးလွင်နဲ့ မြင်းမူမြို့ကနေ လာတက်တဲ့ ကျောင်းသားတွေပါ။ သင်တန်းဆင်းသွားတဲ့ အချိန်မို့တော်သေးတယ်။ သင်တန်းအချိန်ဆို ကျောင်းသားတွေအများကြီးသေကုန်မှာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်အတွင်းတွင် စစ်ရေးပစ်မှတ်မဟုတ်သော၊ တော်လှန်ရေးတပ်ဖွဲ့များ အခြေချထားခြင်းမရှိသော ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံ တောင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ပေါ် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် ကျောင်းထိုင်ဆရာတော် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ဓမ္မာရုံမှာလည်း လုံးဝပြိုကျ ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၅၀ မိနစ်အချိန် နွားထိုးကြီးမြို့မရဲစခန်း အတွင်းမှ အကြမ်းဖက်စစ်သား၊ ရဲများက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ၃ လုံးရမ်းသမ်း ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့တောင်ဘက်ရှိ ထနောင်ပင်လဲ့ကျေးရွာ၌ ရှိသော အကြော်ဆိုင်ပေါ်သို့ တည့်တည့် ကျ ရောက်ပေါက်ကွဲပြီး လင်မယား ၂ ဦး လက်နက်ကြီး စ ထိမှန်ဒဏ်ရာရရှိကာ အမျိုး သမီးဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article