ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် ၂ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြိုင်မြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် မီးသတ်ရုံးရှေ့၌ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများ၊ ကန်နီပျူစောထီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် တွင်းမပျူစောထီးကျေးရွာမှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့၌ မြိုင်မြို့အတွင်း ချောင်းဆုံဂိတ်သို့ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက်စစ်သား ၁၈ ဦးကို ခြုံခို တိုက်က်ခိုက်ခဲ့ရာ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း မြိုင်မြို့အတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ အောင်သာပျူစောထီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ပခုက္ကူ -ကမ္မ လမ်းပိုင်းရှိ မကန်တော်ကျေးရွာ၌ ခရီးသွား ပြည်သူများကို ဆက်ကြေးကောက် စစ်ဆေးဖမ်းဆီးနေသော အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ဇီးပြားရွာ၊ တရော်ကိုင်းရွာ၊ သစ်ချိုကုန်းရွာ၊ ကိုင်းလယ်ရဲစခန်း၊ ပင်တောင်ရွာ၊ တပ်ကုန်းရွာနှင့် ရွာသစ်ရွာ တို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ပွဲများအတွင်း ပစ်ကူပေးခဲ့သော ကပစ ၂၄ တပ်အတွင်ကိုလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ပွဲများဖြစ်ပွားနေသော နေ့ရက်များတွင် ပျူစောထီးကျေးရွာများ အတွင်းနေထိုင်သော ပြည်သူ ၁၃ ဦးနှင့် သံဃာတော် ၄ ပါးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက် ပူးပေါင်းခဲ့သောကြောင့် ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပေးထားကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပကဖ အမှတ် ၁၊ ၂ တပ်ရင်း၊ ပခုက္ကူ ခရိုင် အမှတ် ၁ ၊ ၂၊ ၅၊ ၆၊ ၇၊ ၁၇ တပ်ရင်းများ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဧရာဒေါင်း တပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar