၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်များက လူအခွင့်အရေးချိုးဖောက်မှုများကို မကြုံစဖူး အဆင့်သို့ တိုးမြှင့်ကျူးလွန်လာဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာ
မြန်မာစစ်ခေါင်းဆောင်များက အာဏာသိမ်း ၄ နှစ်တာကာလအတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို မကြုံစဖူး အဆင့်သို့ တိုးမြှင့်ကျူးလွန်လာမှုကို တွေ့ရှိရကြောင်း ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။
၂၀၂၄ ခုနှစ် တစ်လျှောက်လုံး၏ ပဋိပက္ခအခြေအနေ အပေါ် လေ့လာဆန်းစစ်မှုအရ မြန်မာစစ်တပ်က အာဏာလက်ဝယ်ထိန်းချုပ်မှု ယိမ်းယိုင်လာသည်နှင့်အမျှ လက်တုံ့ပြန်သည့်သဘောဖြင့် အရပ်သားပြည်သူများနှင့် အရပ်သားများနေထိုင်များဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ လူငယ်ထောင်ပေါင်းများစွာကို စစ်မှုထမ်းရန် အတင်းအကျပ် စေခိုင်းခဲ့ကာ တရားလက်လွတ်ဖမ်းဆီးမှုများနှင့် တရားစွဲဆိုမှုများအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခွင့်ကိုလည်း ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာစစ်တပ်က ၄ နှစ်အတွင်း အရပ်သားပြည်သူ အနည်းဆုံး ၆၂၃၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ယင်းတို့အနက်မှ အမျိုးသမီး ၁၁၄၄ ဦး၊ ကလေးငယ် ၇၀၉ ဦး ပါဝင်ကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် လူပေါင်း ၁၈၂၄ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး ၅၁၃ ဦးနှင့် ကလေးငယ် ၂၄၈ ဦးပါဝင်ကြောင်း၊ ၂၀၂၃ ခုနှစ် ၏ သေဆုံးသူ အရေအတွက်ဖြစ်သော ၁၆၃၉ ဦးထက် သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
“စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူလူထု၏ အခြေအနေမှာ နေ့စဉ်နဲ့အမျှ ပိုမို ဆိုးရွားလာနေတာကို တွေ့ရလို့ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာစစ်တပ်က အာဏာ ယိမ်းယိုင်လာတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြမ်းဖက်မှုမှာလည်း ပိုမိုကျယ်ပြန့် ပြင်းထန်လာပါတယ်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့၏ အကြီးအကဲ Volker Turk က ပြောဆိုသည်။
မြန်မာစစ်တပ်က လူထုကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်နှင့် အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
” အဲဒီလို ရက်စက်ကြမ်းကြုတ်မှုကို ချက်ချင်း ရပ်တန့်စေဖို့နဲ့ ကျူးလွန်သူအပေါ် အရေးယူ တာဝန်ခံစေခြင်း မရှိဘူးဆိုရင် အရပ်သားပြည်သူတွေရဲ့ သေဆုံးမှုနှုန်းက ဆက်လက်မြင့်တက်လာမှာ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေရဲ့ အခြေအနေက အဘက်ဘက်မှာ မလွဲမသွေ ဆက်လက်ဆိုးရွားလာမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် မြန်မာစစ်တပ်က ကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ခေါင်းဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ သေဒဏ်စီရင် ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ အပါအဝင် အလွန်အမင်းရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အရပ်သားများ အပေါ် ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်စေရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အပြည့်အ၀နှင့် အဟန့်အတားမရှိ ပေးအပ်နိုင်ရေး၊ နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားသူ အားလုံးလွှတ်ပေးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးသော အဖွဲ့အစည်းများနှင့် အဓိပ္ပာယ် ပြည့်၀စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုများမှ တိမ်းရှောင်လာသူများအတွက် နိုင်ငံတကာ အသိုက်အ၀ိုင်းက အကာအကွယ် ရရှိရေး နိုင်ငံတကာအစိုးရများ အထူးသဖြင့် ဒေသတွင်း နိုင်ငံအစိုးရများက နှစ်ဆတိုးမြှင့်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းသည်။
ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အပြစ်ပေးခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရေးသည်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် လွန်ခဲ့သော ၄ နှစ်တာကာလ အတွင်း ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာ အခြေအနေများကို နောင်တွင် ကြုံတွေ့ရင်ဆိုင်မှု မရှိစေရေး အတွက် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်တိုင်းသည် တရားမျှတမှုနှင့် တာဝန်ခံမှုတို့အပေါ် အခြေခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့၏ အကြီးအကဲ Volker Turk က တိုက်တွန်း တောင်းဆိုသည်။
