27 C
Yangon

စစ်တပ်၏ ၄ နှစ်ကြာ အာဏာသိမ်းကာလအတွင်း NLD လွှတ်တော်အမတ် ၄ ဦးနှင့် ပါတီဝင် ၁၀၇ ဦးသေဆုံးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၉၅ ဦးနှင့် အဖွဲ့ချုပ်ပါတီဝင် ၂၄၉၆ ဦး ဖမ်းဆီးခံထားရ

Must read

စစ်တပ်၏ ၄ နှစ်ကြာ အာဏာသိမ်းကာလအတွင်း NLD လွှတ်တော်အမတ် ၄ ဦးနှင့် ပါတီဝင် ၁၀၇ ဦးသေဆုံးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၉၅ ဦးနှင့် အဖွဲ့ချုပ်ပါတီဝင် ၂၄၉၆ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကြမ်းဖက် စစ်တပ်၏ ၄ နှစ်ကြာ အာဏာသိမ်းကာလအတွင်း NLD လွှတ်တော်အမတ် ၄ ဦးနှင့် ပါတီဝင် ၁၀၇ ဦးသေဆုံးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၉၅ ဦးနှင့် အဖွဲ့ချုပ်ပါတီဝင် ၂၄၉၆ ဦး ဖမ်းဆီးခံထားရကြောင်း NLD က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ၄ နှစ်တာကာလအတွင်း လက်လှမ်းမီသလောက် ကောက်ယူရရှိထားသော မှတ်တမ်းများအရ စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် သေဆုံးကြရသော ပြည်သူ ၅,၁၄၀ ဦးတွင် အဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝင် ၁၀၇ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၄၃၆ ဦး နှင့် အမျိုးသမီး ၈၁၁ ဦး တို့ပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ် အတွင်းရှိပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ ၈၃၉ ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁,၀၂၁ ခု ရှိနေကြောင်း၊ ထိုအထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦး နှင့် ပါတီဝင် ၂၅၆ ဦး၊ စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် ၄၅၅ ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်း ယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၇၀ ခု ရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ် ရုံးများကို အဓိကပစ်မှတ်ထားကာချေမှုန်းရန် ရည်ရွယ်ရင်းရှိသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်)ကို ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများကို ၁၅ ကြိမ် ၊ ခရိုင်ရုံးများကို ၆ ကြိမ်၊ မြို့နယ်ရုံးများကို ၁၁၅ ကြိမ်၊ ရပ်ကျေးရုံးများကို ၂၈ ကြိမ် စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၆၇ ကြိမ် ရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံ ရသူ ၁၈,၄၃၄ ဦး ရှိနေပြီး ၎င်းတို့ထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၄၉၆ ဦး တို့ ပါဝင်ကြောင်း၊ လက်ရှိဖမ်းဆီးခံထားရ သည့် အသက်မပြည့်သူ ကလေးသူငယ် ၂၆၀ ဦး နှင့် ဖမ်းဆီးခံအမျိုးသမီး ၂,၁၈၂ ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်ကြောင့် ပြည်သူတို့၏ နေအိမ်ပေါင်း ၇၄,၈၅၁ လုံး မီးရှို့ဖျက်ဆီးခံကြရပြီး၊ အချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁,၈၅၉ ကြိမ် ရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၆၉ ကြိမ်တွင် ပြည်သူတို့နေထိုင်သောအိုးအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင် ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများ စသောအဆောက်အဦပေါင်း ၁,၇၅၂ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများတွင် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းကြောင့် လူနေအိုးအိမ် အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများ စသောအဆောက်အဦပေါင်း ၁၃,၂၁၈ ခု ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၂,၆၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်တပ်က ပစ်သတ်လိုက်သည့် ဆေးကျောင်းသား မောင်ခန့်ငြားဟိန်း (ခ)ဇော်ဇော်အောင် နာရေးဈာပန။

Photo- ဟိန်းအောင်/ဖိုတိုဒါန။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article