ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သံယာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရုံးစည်ကြီးကျေးရွာအတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းကို ထိမှန်ပြီး အုတ်ကျောင်းတိုက်အတွင်း နှစ်ထပ်ကျောင်းဆောင် ၁ ဆောင်နှင့် ဆရာတော်များ စီးနင်းသည့် ကား ၂ စီး ပျက်စီးခဲ့ပြီး မီးသတ်ရုံးအနီးရှိ ဝေကြီး ကုန်စုံဆိုင်လည်း ဗုံးသီး ထိမှန်ပြီး မီးလောက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွာသစ်ကျေးရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်လေယာဉ်က ရော့ကတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂ လုံးထိမှန်ပြီး ပျက်စီးခဲ့ပြီး ဆရာတော် ၁ ပါးနှင့် ဘူတာရပ်ကွက်မှ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သော ဝေကြီးကုန်စုံဆိုင်သည် ဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦး နှင့် ၎င်း၏ ညီဖြစ်သူ အဂတိတိုက်ဖျက်ရေးညွှန်ချုပ် ဦးလွင်လွင်တို့ ပိုင်ဆိုင်သော မိသားစု ဆိုင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အပြီး မိတ္ထီလာ တပ်မ ၉၉ မှ စစ်သား အင်အား ၁၀၀ ကျော် ရောက်ရှိလာပြီး ဝေကြီး ကုန်စုံဆိုင်မှ လက်ကျန် ပစ္စည်းများကို နေရာရွှေ့ပြောင်းခြင်းကို လုံခြုံရေးယူကာလာရောက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ရွာရှေ့ကျောင်းအတွင်း တပ်စွဲထားပြီး ရုံးစည်ကြီးရွာ မြောက်ဘက်နှင့် အနောက်ဘက် တောရိုးတစ်ဝိုက် ကင်းပုန်းဝပ်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


